မော်လမြိုင် – မေ(၂၈)
ရခိုင်ဒေသကို တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ မွန်ပြည်သစ်ပါတီက ကျပ်သိန်း (၅၀၀) လှူဒါန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တာပါ။
လက်ရှိအချိန်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကဦးဆောင်ပြီး ကူညီကယ် ဆယ်ရေးတွေ လုပ်ဆောင်နေသလို ပြည်တွင်းပြည်ပက အကူအညီအထောက်အပံ့တွေလည်း ပေးအပ် ကြဖို့ တိုက်တွန်းထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ မိတ်ဖက်တော်လှန်ရေး အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က ရခိုင်ပြည်ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့အကူအညီတွေပေးအပ်ထားတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတယ်လို့ ဝါဒဖြန့် မီဒီယာတွေ ကနေဖော်ပြနေပေမယ့် ထိရောက်တဲ့အကူအညီတွေအခုချိန်ထိ မပေးနိုင်သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေတဲ့အချိန်မှာ အခုလို မိတ်ဆွေပီသစွာ ပံ့ပိုးကူညီပေးခဲ့တဲ့အတွက် မွန်ပြည်သစ်ပါတီကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်