မော်လမြိုင်၊ မေ(၂၈)
အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ စစ်ကောင်စီတပ်သားတွေ ပါဝင်လာတာ ပိုမိုများလာတာနဲ့အမျှ စစ်ကောင်စီတပ်တွင်း တိုးမြှင့်ကန့်သတ်ဖိနှိပ်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ CDM အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်ကာလအတွင်း တပ်တွင်းပျော်ပွဲရွှင်ပွဲတွေနဲ့ ဖြေလျော့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဧပြီနှောင်းပိုင်မှာ စစ်ကောင်စီတပ်ကနေ CDM လုပ်လာသူတွေ ပိုမိုများလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ တပ်ပြေးနဲ့ CDM လုပ်တဲ့နှုန်းကို ထိန်းချုပ်နိုင်ဖို့ တပ်တွင်းမှာ မှတ် ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေ သိမ်းဆည်းထားတာအပြင် တပ်တွင်းကနေ အပြင်မထွက်ဖို့ ကန့် သတ်မှုတွေပါ လုပ်ဆောင်လာတယ်လို့ တပ်တွင်းစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။
” မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေကို သိမ်းထားတယ်။ တချို့တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ တပ်တွင်းထဲမှာပဲ သန်းခေါင်စာရင်းတွေ၊ မှတ်ပုံတင်တွေကို ပြောင်းခိုင်းထားတာရှိတယ်။ ရွေးကောက်ပွဲအ ကြောင်းပြချက်နဲ့ ပြောင်းခိုင်းထားပြီး အဲဒါတွေအကုန်လုံးကို တပ်ကသိမ်းထားတယ်။ ဒါကနံပါတ်တစ်ပေါ့။ နောက်နံပါတ်နှစ်က ဘယ်သူ့ကိုမှ ခွင့်မပေးတော့ဘူး။ အပြင်သွားလာခွင့်တွေဘာတွေ မပေးတော့ဘူး။ အရာရှိတွေကိုယ်တိုင်ကိုတောင် အပြင်သွားတဲ့အခါမှာတောင် သူကတစ်ယောက်ထဲ သွားခွင့်မပေးတော့ဘူး။ နှစ်ယောက်သို့မဟုတ် သုံးယောက် အဲဒီလိုပဲသူတို့ကသွားခွင့်ပေးတယ်။ သွားတဲ့အခါမှာလဲ အထက်လူကြီးကို အသိမပေးအကြောင်းမကြားပဲ သွားခွင့်မပြုဘူးပေါ့။ ကျွန်တော်တို့ဆီရောက်လာတဲ့သူတွေရဲ့ပြောပြချက်အရ လမ်းတစ်ဘက်က ဆိုင်တောင်မှ ရိုးရိုးရဲဘော်တွေကိုဆိုရင် တပ်နဲ့မျက်နှာချင်းဆိုင်က ဆိုင်ကိုတောင် သွားခွင့် မပေးဘူး။အရာရှိလောက်ပဲသွားခွင့်ရှိတဲ့အထိ တင်းကြပ်ထားတာတွေပေါ့နော်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တချို့တပ်ဖွဲ့ဝင်တွေကို တပ်တွင်းလစာထုတ်မပေးတာတွေအထိ လုပ် ဆောင်နေသလို တပ်မိသားစုဝင်တွေကိုလည်း နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်ကန့်သတ်တာတွေ လုပ် ဆောင်နေတယ်လို့ သူကပြောပါသေးတယ်။
စစ်ကောင်စီက အခုလိုတပ်တွင်းဖိနှိပ်မှုတွေလုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်ကနေ CDM လုပ်လာ တဲ့သူတွေနဲ့ CDM လုပ်ဖို့ဆက်သွယ်လာသူတွေ ပိုမိုများလာတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ကနေ ထွက်ခွာလာသူတွေကို ပြည်သူ့ပန်းတိုင်၊ ပြည်သူ့ရင် ခွင်၊ ပြည်သူ့သားကောင်းနဲ့ မေမေ့ရင်ခွင်အဖွဲ့တွေအပြင် ဒေသတွင်းအဖွဲ့အစည်းတွေက တာဝန်ယူ လက်ခံနေတာဖြစ်ပါတယ်။
သင်္ကြန်အပြီး တစ်လအတွင်း မေမေ့ရင်ခွင်အဖွဲ့ကိုပဲ CDM ဝင်လာသူဟာ (၁၂) ဦးနဲ့အထက် ရှိနေတဲ့အပြင် တပ်ပြေးအဖြစ်နဲ့ တိမ်းရှောင်နေသူတွေရှိနေသလို လွတ်မြောက်နယ်မြေတွေမှာခိုလှုံနေသူတွေလည်းရှိနေတယ်လို့ မေမေ့ရင်ခွင်အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြည်သူတွေအစုလိုက်အပြုံလိုက် သေဆုံးတဲ့အထိ တိုက်ခိုက်မှုတွေရှိနေတဲ့ စစ်ကောင်စီလေတပ်ကတော့ လက်ရှိအချိန်မှာ CDM ဝင်ရောက်လာတာအနည်းဆုံး အခြေအနေဖြစ်နေတယ်လို့ ပြည်သူနဲ့ ပူးပေါင်းထားတဲ့ လေတပ်CDM တပ်ကြပ်ကြီး ထက်နိုင်အောင်က ပြောပါတယ်။
“ကျွန်တော်တို့လေတပ်မှာက သုံးပိုင်းရှိတယ်။ အုပ်ချုပ်ရေးအပိုင်းရယ်၊ စက်မှုလက်မှုအပိုင်းရယ်၊ ပျံသန်းရေးအပိုင်းရယ်။ အဲဒီထဲကမှ ထွက်လာနိုင်တာက အုပ်ချုပ်ရေးပိုင်းကတပ်တွေပဲရှိမယ်။ ပညာအရည်အချင်းရှိတဲ့ စက်မှုလက်မှုတပ်တွေ၊ ပျံသန်းရေးကလိုလူတွေကတော့ သိရဲ့သားနဲ့ ကိုယ်ကျိုးအတွက် မထွက်လာဘူး။ အုပ်ချုပ်ရေးအဖွဲ့ကလူတွေကတော့ ပညာအရည်အချင်းနည်းကြတယ်။ ဆင်ခြင်သုံးသပ်မှုအားနည်းကြတယ်။ နည်းကြတဲ့အချိန်မှာမှ သူတို့ဝါဒမှိုင်းမိနေတယ်။ ဒီဘက်ကသတင်းတွေ အဲဒီဘက်ထိထိရောက်ရောက် ရောက်မယ် ဆိုရင်တော့ အုပ်ချုပ်ရေးဘက်ကလူတွေအမြင်မှန်ရပြီးတော့ ထွက်လာနိုင်တာရှိတယ်” လို့ ပြောပါတယ်။
နိုင်ငံတဝန်းမှာ နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ မြို့ပြတော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေသလို လူမသိဘဲထွက်ပြေးနေတဲ့ တပ်သားတွေလည်း ရှိနေတာပါ။
စစ်ကောင်စီတပ်ဟာ အဲဒီလိုအခြေအနေတွေကြောင့် တပ်တွင်းဖိနှိပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်သလို တပ်တွင်း အင်အားနည်းလာတာနဲ့ စိတ်ဓာတ်ပျက်ပြားလာမှုတွေလည်း ရှိနေတယ်လို့ CDM အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး CDM ဝင်လာသူတွေကို ထိုက် တန်တဲ့ ဆုကြေးငွေပေးအပ်ချီးမြှင့်မယ်လို့ ပြောဆိုတာတွေရှိထားပြီး အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ပြည်သူနဲ့အတူ ပူးပေါင်းထားတဲ့ စစ်သားနဲ့၊ ရဲ CDM စုစုပေါင်း နှစ်သောင်းဝန်းကျင်အထိ ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ CDM တွေရှိပေမယ့် စစ်ကောင်စီတပ်ကို ပြန်လည်ဝင်ရောက်သွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာ အဆင့်ဆင့်စိစစ်လက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ NUG က ဆိုထားပြီး ဘယ်အချိန်မှာ CDM ဝင်တာကို ပိတ်သွားမယ်ဆိုတာတော့ တိတိကျကျ ပြောထားတာမရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG