ရေး၊ မေ(၂၈)

မွန်ပြည်နယ်ရေးမြို့နယ် ကျောင်းရွာစံပြကျေးရွာနဲ့ကံလှကျေးရွာကြားမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၅၈၃)ကို ရှော့တိုက်ဒုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းကို မေ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးအပြင် ဒရုန်းနဲ့ပါသွားရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံးတွေဟာ စစ်ကောင်စီတပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာနဲ့ အဆောက်အဦးပျက်စီးမှုကို ဆက် လက်စုံစမ်းနေတယ်လို့ တာဝန်ခံဗိုလ်ကျန်ရစ်က ဆိုပါတယ်။

တပ်ရင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အ ဆက်မပြတ် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ရေးပြောက်ကျားတပ်ဖွဲ့ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရပြီး ပစ်ခတ်သံတွေ ကြားရပေမယ့် ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီဘက် တပ်အပြင်ထွက်စစ်ဆေးတာနဲ့ စစ် ကြောင်းထိုးပြီး တောနင်းရှာဖွေတာမရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဟာ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။

ရေးမြို့နယ်ကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဒေသန္တရအမိန့်တွေလည်း ထုတ်ပြန်ထားသလို လုံခြုံရေးအထူးတင်းကျပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-YGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.