သထုံ၊ မေ(၂၈)

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မေ ၂၆ ရက်နေ့ ည ၉ နာရီအချိန်လောက်က ဘီးလင်းမြို့နယ်ကနေ သထုံမြို့နယ်ထဲသို့ မောင်းဝင်လာတဲ့ ၂၂ဘီးကား ကုန်တင်ယာဉ်ဟာ မိုးကောင်းကျေးရွာအုပ်စုအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်နေ ယာဉ်မောင်း ဦးသန်းမင်းထိုက်နဲ့ ယာဉ်နောက်လိုက် ကိုဟိန်းဇင်ဝင်းတို့ ၂ ဦး သေဆုံးပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ မခင်ဇာလှိုင်မှာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးဒဏ်ရာရသူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီတယ်လီဂရမ်အကောင့်တွေမှာတော့ ကုန်တင်ယာဉ် မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

KNU သထုံခရိုင်မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌကတော့ ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲခံမှုကို ကြားသိရပေမယ့် ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာလဲဆိုတာ ဆက်လက်စုံစမ်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကုန်တင်ယာဉ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းဟာ စစ်ကောင်စီတပ်အပြင် က ရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF တပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လ မြိုင်လမ်းပေါ်မှာ ခရီးသည်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ ခရီး သည် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.