ဘီးလင်း၊ မေ(၂၈)
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ကလေး ၂ ဦး သေ ဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။
မေ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဘီးလင်းမြို့နယ် ဒေါင်းရွာကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဗုံးသီးတစ်လုံးဟာ ဒေါင်းရွာကျေးရွာနေ ဦးစောဘခက် ခြံဝင်းအတွင်း ကျရောက်ကွဲခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် တူဖြစ်သူစောမိုးထက်နဲ့ စောမော်ခါးတို့ ထိမှန်သေ ဆုံးခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ အမှတ် (၃၁၄) အမြောက်တပ်ကနေ ဘီးလင်းမြို့နယ်ထဲ အဝင်းကြီးကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီ လက်နက်ကြီးကျည်တွေဟာ အဝင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျောင်းနေရဟန်းသံဃာ ၁ ပါး၊ ကိုရင် ၂ ပါး၊ ဘုန်းကြီးကျောင်းသား ၁ ဦးနဲ့ ရွာသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌကတော့ သူတို့ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး သေဆုံးမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပြီး အခုဖြစ်စဉ်အတွက် အနူးညွှတ်တောင်း ပန်ကြောင်းနဲ့ နောက်နောင်အလားတူဖြစ်ရပ်မျိုး အတတ်နိုင်ဆုံးမဖြစ်အောက် မြေပြင်အဖွဲ့တွေကို လမ်းညွှန်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ