မော်လမြိုင်၊ မေ(၂၇)
အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာအပြင် ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးသူ ၆၀ အထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
AAPP ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ သတ်ဖြတ်ခံရတဲ့ အရပ် သား ၃၆၀၀ နီးပါးရှိလာပြီး အဲဒီထဲမှာ မွန်ပြည်နယ်က အရပ်သား ၆၀ ဦး ပါဝင်နေတယ်လို့ မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အရပ်သားပြည်သူတွေဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်စဉ် ပစ်သတ်ခံရတာ၊ ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ လမ်းသွားလမ်းလာရင် ပစ်သတ်ခံရတာ၊ စစ်ကောင်စီက ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးတာတွေ ရှိနေပါတယ်။
အရပ်သားပြည်သူသေဆုံးမှုအရ စစ်ကိုင်းတိုင်းက ၁၅၈၄ ဦးနဲ့ အများဆုံးပါဝင်နေပြီး မွန်ပြည်နယ်နဲ့နီးတဲ့ ကရင်ပြည်နယ်မှာ ၂၂၈ ဦး ၊ တနင်္သာရီတိုင်းမှာ ၁၃၁ ဦး ပါဝင်နေတာပါ။
AAPP ကတော့ အရပ်သားပြည်သူတွေ သေဆုံးမှုကို လက်လှမ်းမှီသလောက် ကောက်ယူထားတာဖြစ်ပြီး မြေပြမှာဒီထက်အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်။စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေ ၂၅ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၂၀၀၀ ကျော်အထိရှိလာပြီး အဲဒီထဲမှာ ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံရသူ ၆၀၀၀ ကျော်အထိ ရှိလာတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ(ပုံဟောင်းဖြစ်ပါသည်)