လောင်းလုံး၊ မေ(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ စရဖရုံးနဲ့ လဝကရုံးတွေ တစ်ရက်တည်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီကဒေသခံ ၅၀ထက်မနည်းကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ လောင်းလုံးမြို့ပေါ်က လောင်းလုံးမြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံး ၃ ရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်ခံရပြီး အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ကနေ လောင်းလုံးမြို့ (က) ရပ်ကွက်နေ ကိုလှိုင်နေဦး၊ မသက်သက်အေးနဲ့ အမျိုးသားဖြစ်သူ၊ (ခ) ရပ်ကွက်က မဆွေဇင်ထက်တို့ကို ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက် မေ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို (က) ရပ်ကွက်နဲ့ ခ ရပ်ကွက်တွေက အရက်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ကွမ်းယာဆိုင်၊ စတီးသံပန်းဆိုင်တွေမှာရှိနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေအပြင် LGBT တွေပါမချန် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးသွားတဲ့သူတွေကို လောင်းလုံးမြို့မရဲစခန်းနဲ့ စစ်ကောင်စီ စစ်ကြောရေးတွေမှာ စစ်ဆေးမေး မြန်းတာတွေ လုပ်ဆောင်နေပြီး တချို့ကိုတော့ ပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
လောင်းလုံးမြို့ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံး ၃ ရုံး တိုက်ခိုက်ခံရတဲ ဖြစ်စဉ်မှာ လူဝင်မှုကြီးကြပ် ရေး လဝကရုံးက ဒုဦးစီးမှူးတစ်ဦး သေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-BNI