ကော့ကရိတ်၊ မေ(၂၇)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မောခီးဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ် ရိက္ခာနဲ့ အမိုးအကာတွေ အရေးပေါ်ထောက်ပံ့မှုတွေ လိုအပ်လျက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က မေလ (၂၆) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၃)ရက်နေ့ ညသန်းခေါင်ယံအချိန်က KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ မောခီးကျေးရွာအုပ်စု၊ ပနွဲ့ဖိုးကလိုးကျေးရွာထဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ကျောင်းဘော်ဒါဆောင် (၁) ဆောင် လုံးဝပျက်စီးသွားခဲ့ပြီး နေအိမ်(၂)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့် ရွာသား(၂၀၀) ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာနဲ့အမိုးအကာ အရေးပေါ်ထောက်ပံ့မှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
KNU တပ်မဟာ(၆)နယ်မြေထဲမှာ အခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထီးကလပယ်ခရစ်ယာန်ဘုရားကျောင်း၊ မဲကနယ်ခရစ်ယာန်ဘုရားကျောင်း၊ ပနွဲ့ဖိုးကလိုးခရစ်ယာန်ဘုရားကျောင်းတွေ လုံးဝပြိုပျက်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
KNU ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ပြီးခဲ့တဲ့ ဧပြီလ(၁)လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း(၃၀)ကျော် ပြုလုပ်သွားခဲ့ရာ ခရစ် ယာန်ဘုရားကျောင်းအပါအဝင် ဘုန်းကြီးကျောင်း၊ ဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ လူနေအဆောက်အ ဦးပေါင်း (၄၀၀) ကျော် ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့် အရေး ချိုးဖောက်ကျူးလွန်မှုတွေကြောင့် တပ်မဟာ(၆)နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ (၂၃၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး နေရပ်ကိုပြန်မလာနိုင်သေးဘူးလို့ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG