မော်လမြိုင်၊ မေ(၂၇)

မွန်ပြည်နယ်ကထွက်ရှိနေတဲ့ ရော်ဘာတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သတ်မှတ်စံချိန်စံနှုန်း မပြည့်မီတာအပြင် အရည်အသွေးကျဆင်းလာတာကြောင့် ပြည်ပနိုင်ငံတချို့ ဝယ်ယူမှုရပ်နားတာတွေ ရှိလာတယ်လို့ ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာစိုက်တောင်သူတွေဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုကုန်ပစ္စည်းတွေဖြစ်တဲ့ ဓါတ်မြေသြဇာ၊ အက်စစ်အပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့် ရော် ဘာ အရည်အသွေးအပေါ် ထိန်းသိမ်းမှုအားနည်းလာခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ ရော်ဘာအရည်အသွေးထိန်းရာမှာ အသုံးပြုရတဲ့ အက်စစ်ဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် ဖောမစ်အက်စစ်ထက် ဈေးနှုန်းသက်သာတဲ့ အက်စစ်တွေနဲ့ အစားထိုးအက်စစ်ရည်တွေကိုသာ အဓိကအသုံးပြုလာကြတာပါ။


ရော်ဘာလုပ်ငန်းရှင်တစ်ဦးကတော့ ရော်ဘာအရည်အသွေး ကျဆင်းလာတာကြောင့် တရုတ်အပြင် ထိုင်းနိုင်ငံကပါ ဝယ်ယူမှုနည်းပါးလာသလို တဆင့်ခံတင်ပို့တဲ့ မလေးရှားနိုင်ငံဆိုရင် မဝယ်တော့တဲ့ အခြေအနေအထိ ဖြစ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနောက်ပိုင်းတွေမှာ ရောင်းလို့အဆင်သိပ်မပြေဘူး။ ဘာလို့လဲဆိုတော့ ပစ္စည်းအရည်အသွေးတွေက မြန်မာပြည်ကသိတဲ့အတိုင်းပဲ ဝယ်တဲ့သူများရင် ပေါက်ကရတွေ လုပ်တယ်။ အဲဒီတော့ မလေးဘက်ခြမ်းမှာ ပြဿနာက သွားတက်တယ်။ ဝယ်လက်တွေ တော်တော်များများ ပါးသွားတယ်။ တရုတ်တို့ဆိုတာသူတို့က မလေးကိုပို့တာပဲလေ။ တရုတ်ဘက်ခြမ်း အဝယ်ပါးသွားတာပေါ့နော်။ ထိုင်းဘက်ခြမ်းကြတော့လည်း မဝယ်ဘူးမဟုတ်ဘူး ဝယ်တယ်။ ပုံစံတစ်မျိုးသွားတယ်။ လက်ရှိမှာတော့ ထိုင်းဝယ်လက်က တော်တော်လေးတော့ ပျောက်နေသေးတယ်။ အဓိကပြဿနာက မလေးမှာပြဿနာတက် နေတာ၊ ပစ္စည်းတွေက ကွာလတီကျပြီးတော့ အစိုတွေမှိုင်းမကျတ်တဲ့ဟာတွေ ပါသွားတဲ့ပြဿနာပေါ့နော်။ သူတို့မဝယ်တော့တဲ့ အနေအထားဖြစ်သွားတယ်”လို့ ဆိုပါတယ်။

ရော်ဘာအရည်အသွေး ကျဆင်းလာတာကြောင့် ပြည်ပနိုင်ငံတွေက ရော်ဘာဝယ်ယူရာမှာ မှိုင်းခံတဲ့စနစ်ကိုပါ အာမခံချက်တောင်းခံတာတွေရှိလာသလို ရော်ဘာပေါင်ချိန်နဲ့ ထုတ်ပိုးမှုကအစ အာမခံချက်မပေးနိုင်ရင် လုံးဝမဝယ်ယူတော့တဲ့ အခြေအနေအထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ရော်ဘာလုပ်ငန်းရှင်တစ်ဦးကလည်း ဒီနောက်ပိုင်း ပြည်ပနိုင်ငံတွေက ရေရှည်တည်တံ့သောသဘာဝရော်ဘာထုတ်လုပ်မှုလမ်းစဉ်ကို ကျင့်သုံးတဲ့ ရော်ဘာတွေကိုသာ ဝယ်ယူတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာကြောင့် အခုလို အရည်အသွေးမပြည့်ဝဘဲ ထုတ်လုပ်နေပါက ဈေးကွက်ပိုကျဉ်းလာနိုင်တယ်လို့ သုံးသပ်တာပါ။

“ကျွန်တော်တို့ လက်ရှိမှာတာယာထုတ်တဲ့ စက်ရုံတွေအားလုံးက ဒီ(SNR) ရော်ဘာကို တော်တော်လေးကို သူတို့ပြောလာကြတယ်ဗျ။ (၂၀၃၀)ကျလို့ရှိရင် (SNR) လမ်းစဉ်နဲ့ ထုတ်ထားတဲ့ ရော်ဘာဖြစ်မှ ဝယ်တော့မယ်ဆိုတဲ့အသံက ကျယ်ကျယ်လောင်လောင် ကြားရတာပေါ့ဗျာ။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ပေါ့နော် လက်ရှိမှာတော့ (SNR) ရော်ဘာဖြစ်ဖို့အတွက်ကို ကျွန်တော်တို့က လိုက်လုပ်ရမယ့်သဘောကို သွားတွေ့ရတာပေါ့ဗျာ။ တကယ်လို့သာ ကျွန်တော်တို့ (SNR) ရော်ဘာမဖြစ်ဘူး၊ မလုပ်ထားနိုင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့အတွက်က ဈေးကွက်ကပိုပြီးတော့တောင် ကျဉ်းသွားလိမ့်မယ်ဆိုတဲ့ သဘောကို သွားတွေ့ရတာပေါ့။ အခုတောင်မှ ကျွန်တော်တို့က ဈေးကွက်ကတော်တော်လေးကို အောက်ကျနောက်ကျ ဖြစ်နေတယ်ဗျ”လို့ ဆိုပါတယ်။

ဒေသတွင်းက ထွက်ရှိတဲ့ရော်ဘာတွေကို စနစ်တကျ မထုတ်လုပ်ပါက မကြာမီကာလအတွင်း ပြည်ပကဝယ်ယူတဲ့ ဈေးကွက်ပျောက်သွားနိုင်သလို ဈေးကွက်ပျောက်ပါက ရော်ဘာစိုက်တောင်သူတွေအ နေနဲ့ ပိုမိုနစ်နာလာနိုင်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ရော်ဘာခြံတွေဟာ မိုးရာသီရောက်တော့မှာ ဖြစ်တဲ့အတွက် ၇၀ ရာခိုင်နှုန်းနီးပါး ခြံပိတ်တာတွေရှိလာပြီး ရော်ဘာအထွက်နှုန်း မရှိသလောက် နည်းပါးလာပေမယ့် ရော်ဘာဝယ်ယူမှု ထင်သလောကမရှိနေဘူးလို့ ရော်ဘာရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ပျိုး ဧက (၅)သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ ရော်ဘာတွေကို တရုတ်နဲ့ထိုင်းနိုင်ငံတွေကို အများဆုံးတင်ပို့ရောင်းချနေပြီး ရော်ဘာကဏ္ဍကနေ နှစ်စဉ်အမေရိကန်ဒေါ်သန်းနဲ့ချီ ရရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.