ဟနွိုင်း၊ မေ(၂၇)
တောင်တရုတ်ပင်လယ်ရှိ ဗီယက်နမ်ပိုင်သီးသန့်စီးပွားရေးဇုံမှာ လုပ်ငန်းလည်ပတ်နေတဲ့ ရုရှားကုမ္ပဏီရဲ့ ဓါတ်ငွေ့လုပ်ကွက်အနီးကို တရုတ်ရဲ့သုတေသနသင်္ဘောတစင်းနဲ့ အစောင့်အကြပ်ရေယာဉ် ၅ စင်းဝင်ရောက် ခဲ့တဲ့အတွက် ဟနွိုင်းအစိုးရက သင်္ဘောအားလုံးထွက်ခွာပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မေလ ၇ ရက်နေ့ကစပြီး ဗီယက်နမ်ရဲ့စီးပွားရေးဇုံအတွင်း တရုတ်ရေယာဉ် ကျူးကျော်ဝင်ရောက်ခြင်းတွေရှိလာ ခဲ့တာဖြစ်ပြီး အစိုးရကတောင်းဆိုပြီးတဲ့နောက် မေလ(၂၆) က ပြန်လည်ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။
တရုတ်သုတေသနသင်္ဘောနဲ့ အစောင့်အကြပ်သင်္ဘောတစ်ဒါဇင်ခန့်ဟာ ရုရှားနဲ့ ဗီယက်နမ်တို့ကြား ဖက်စပ် လုပ်ငန်းဖြစ်တဲ့ ဓါတ်ငွေ့ လုပ်ကွက် ၀၄-၀၃ သို့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ဗီယက်နမ်မှ လိုင်စင်ထုတ်ပေးထားပြီး ရုရှား၊ ဗီယက်နမ်ဖက်စပ်ပိုင် နောက်ထပ်လောင်စာလုပ်ကွက်တွေ ဖြစ်တဲ့ ၁၃၂ နှင့် ၁၃၁ သို့ သင်္ဘောတွေဟာ ပုံမှန်သွားလာလေ့ရှိပြီး တရုတ်အစိုးရက အဲဒီလုပ်ကွက်နှစ်ခုအတွက် အပြိုင်လေလံပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို သက်ဆိုင်ရာ ကုမ္ပဏီ ၃ ခုနဲ့ ရုရှား သံရုံးတို့က ပြန်လည်ဖြေကြားခဲ့ခြင်းမရှိကြောင်း မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားနဲ့ ဗီယက်နမ် ဖက်စပ်လုပ်ကွက် ၁၂၉ မှာတော့ တရုတ်သင်္ဘောတွေကို ထွက်ခွာပေးဖို့ အများပြည်သူ ဆိုင်ရာ ထုတ်ပြန်ချက်တစ်ခုကို ဗီယက်နမ်အစိုးရက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
အဲဒီကြေငြာချက်ဟာ ရုရှားသမ္မတဟောင်းနဲ့ ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ ဟနွိုင်းသို့ လာရောက် လည်ပတ်ပြီး နောက်တစ်ရက်အကြာမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ်ငါးဖမ်းသင်္ဘောနှစ်စင်းကို တရုတ်သင်္ဘောတွေက မီတာ ၂၀၀ မှ ၃၀၀ မီတာအကွာအဝေးကနေ နောက်ယောင်ခံလိုက်နေခဲ့ပြီး အဲဒီကနေမှတဆင့် တရုတ်သင်္ဘောတွေဟာ ရုရှားကုမ္ပဏီတွေလုပ်ကိုင်နေတဲ့ သွားလာခွင့် ပိတ်ထားတဲ့နေရာတွေကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်ရဲ့ EEZ အတွင်း နယ်မြေတွေအပါအဝင် စွမ်းအင်ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ရဲ့ ရေပိုင်နက် အများစုကို တရုတ်နိုင်ငံက တောင်းဆိုထားတာပါ။
နိုင်ငံတကာဥပဒေတွေမှာတော့ သင်္ဘောတွေအနေနဲ့ အခြားနိုင်ငံတွေရဲ့ အထူးစီးပွားရေးဇုံတွေအတွင်းသို့ ဖြတ်သန်းခွင့်ပြုထားသော်လည်း တရုတ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ အခြားနိုင်ငံတွေကရန်လိုမှုအဖြစ် ကာလကြာရှည်စွာ ယူဆထားတာလည်းဖြစ်ပါတယ်။
Ref: Reuters/ga