ရန်ကုန် – မေ(၂၇)နိုင်ငံခြားငွေစျေးကွက်အတွင်း စျေးကစားသူတချို့က ငွေစျေးနှုန်းကမောက်ကမ ဖြစ်အောင် မဟုတ်မမှန် ကောလဟာလ ထုတ်လွှင့်ပြီး ငွေကြေးမတည်ငြိမ်အောင်လုပ်ဆောင်သူတွေကို အရေးယူသွားမယ်လို့ ဗဟိုဘဏ်က မေလ(၂၆) ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။
မမှန်သတင်းလွှင့်သူတွေကို ဗဟိုဘဏ်ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ ပြဌာန်းချက် တွေနဲ့အညီ ဖော်ထုတ်အရေးယူသွားမှာဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်စပ်အကြောင်းအရာတွေကို ဗဟိုဘဏ်ရဲ့ အီးမေးလ် လိပ်စာကတဆင့် ပေးပို့တိုင်ကြားနိုင်တယ်လို့ ဆိုထားတာပါ။
နိုင်ငံခြားငွေကြေးမှောင်ခိုစျေးကွက်ကို ဗဟိုဘဏ်က ထိန်းချုပ်လေ့ရှိတာအပြင် အခုလို ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး ငွေကြေးစျေးနှုန်းတက်သွားတာမျိုးရှိနိုင်တယ်လို့ ငွေကြေး ကျွမ်းကျင်သူ တစ်ဦးက ပြောပါတယ်။
“Money Charger ဈေးကွက်ပွဲ ဖြစ်ဖြစ် ဒေါ်လာငွေ ရောင်းဝယ်တဲ့သူပဲ ဖြစ်ဖြစ် အမြဲတမ်း ထိန်းချုပ်လေ့ ရှိတယ်။အရင်ခေတ်ထဲကလည်း ဒေါ်လာရောင်းတဲ့သူတွေရဲ့ နာမည်စာရင်း ကောက်ပြီး သူတို့ကို ခေါ်စစ်တာတို့ ရှိခဲ့တယ်။အဲဒီလို ရှိတဲ့အတွက် ဒေါ်လာဈေးကွက်မှာ ရောင်းတဲ့သူ ဝယ်တဲ့သူ နည်းနည်းခက်သွားတာပေါ့။လွယ်လွယ်ကူကူ ရောင်းလို့ဝယ်လို့ မရဘူးပေါ့။ရောင်းတယ်ဝယ်တယ်ဆိုတာ တရားမဝင် ရောင်းဝယ်တာကို ပြောတာ။အဲဒီလိုမျိုး အခြေအနေမှာ အခက်အခဲတွေ ရှိတယ်။အဲဒီအချိန် ဈေးတွေက တက်တက်သွားတာမျိုး ရှိတယ်”လို့ သူကပြောပါတယ်။
ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှာ မဟုတ်ဘဲ နိုင်ငံခြားငွေကြေး စျေးကွက်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်စေဖို့ ဆောင်ရွက် နေတယ်လို့ ဗဟိုဘဏ်က ဆိုထားပါတယ်။
ဘဏ်တွေရဲ့ ငွေလဲကောင်တာမှာ နိုင်ငံခြားငွေ ငွေသားကို တိုးမြှင့်ရောင်းချပေးမှာဖြစ်သလို USD Liquidity နဲ့ MMK Liquidity တို့အတွက် ဗဟိုဘဏ်က ဆက်လက်ပံ့ပိုးပေးမှာဖြစ်တယ်လို့ အသိပေးထားတာပါ။
အခုချိန်မှာတော့ ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို (၂၁၀၀) ကျပ်သာ ရှိပေမယ့် ပြင်ပပေါက်စျေးမှာ အမေရိကန်တစ်ဒေါ်လာကို (၂၉၅၀) ကျပ်အထိစျေးနှုန်းပေါက် နေတာဖြစ်ပါတယ်။
ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းဟာ နိုင်ငံခြားငွေလိုအပ်ချက်အပေါ် မူတည်နေတဲ့ အပြင် လက်ရှိ ပို့ကုန်သွင်းကုန် ကဏ္ဍ အားနည်းသွားတဲ့အတွက် ဒေါ်လာဝယ်ယူမှု လျော့ကျလာတာ ဖြစ်တယ်လို့ ငွေကြေးကျွမ်းကျင်သူက ထောက်ပြပါတယ်။
“ဒါက အစိုးရက သတ်မှတ်ထားတဲ့ ငွေလဲနှုန်းဆိုပြီး သူတို့လိုသလောက်ပေါ့။သူတို့ ဒေါ်လာ လိုအပ်ချက်များပြီဆို ဈေးက နည်းနည်းလေး တက်လာတယ်။အဲဒီလိုမျိုး ထိန်းတဲ့အပိုင်းတွေ လုပ်ထားတယ်ဆိုတော့ ဒါက သူတို့သဘောပေါ့။ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ အခုမပြောင်းလဲသေးဘူး၊ ပြောင်းချင်ပြောင်းသွားမယ့် သဘောတော့ ရှိတယ်။လောဆယ်က ထုတ်ကုန်သွင်းကုန်တွေကလည်း ဒေါ်လာဈေးနဲ့ပတ်သက်ပြီး ဝယ်ရတာ ခက်တယ်ဗျ။အခုက မိုးလည်းစပြီဆိုတော့ လောလောဆယ်က Export Import တွေက အားနည်းသွားပြီ၊ သိပ်ပြီး မရှိဘူးပေါ့။အဲဒီအတွက် ဒေါ်လာဝယ်မှုကလည်း နည်းနည်းလျော့ကျလာတာပေါ့။အရင်တုန်း ကလောက်နဲ့ဆိုရင်Export Import ကနေ ကြည့်တဲ့ Issue ပေါ့”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စစ်ကောင်စီက လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ရော်ဘာနဲ့ ရေထွက်ကုန် ပစ္စည်းပိုကုန်ရငွေရဲ့ (၆၅) ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်း အတိုင်း မြန်မာကျပ်ငွေနဲ့ လှဲလှယ်ခိုင်းခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အခုနှစ် ဖေဖော်ဝါရီလကလည်း ဆန်နဲ့ ဆန်ထွက်ငုန် ပစ္စည်းတင်ပို့မှုကနေ ရရှိတဲ့ ပို့ကုန် ဝင်ငွေရဲ့ (၆၅) ရာခိုန်နှုန်းကို ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်းအတိုင်း မြန်မာငွေနဲ့ လဲလှယ်ခိုင်းထား သလို လက်ရှိမှာတော့ ပို့ကုန်လုပ်ငန်းအားလုံးကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Google