အမေရိကန်အပါအဝင် အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ နှစ်နှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေအပါအဝင် ကူညီပံ့ပိုးပေးနေသူ လူပုဂ္ဂိုလ် ၈၀ ကျော်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းပေါင်း ၃၀ ကျော်ကို အကြိမ်ရေ ဆယ်ချီထက်မနည်း ဒဏ်ခတ် အရေးယူထားပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဒီကနေ့အချိန်ထိ စစ်ကောင်စီအပေါ် ထိရောက်တဲ့ သက်ရောက်မှုတွေ မရှိသေးသလို စစ်ကောင်စီ ဝင်ငွေရနေတဲ့ ဝင်ငွေရလမ်းတွေကို လက်ရှိအချိန်အထိ ပိတ်ဆို့နိုင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုအပါအဝင် ဆက်နွယ်နေသူ ပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေကို ဘယ်လောက် အထိ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေမလဲ။ ထိရောက်ဖို့ဆိုရင် ဘာတွေတိုးမြှင့် လုပ်ဆောင် သင့်လဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး Blood Money Campaign သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး နိုင်ငံတကာရဲ့ စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေက လက်ရှိမှာ ထိရောက်မှုအတိုင်းအတာ က ဘယ်လိုအခြေအနေရှိလဲ။
ဒဏ်ခတ်ပိတ်ဆို့မှုတွေက လက်ရှိမှာ ဘယ်လောက်အတိုင်းအတာထိ ထိရောက်မှုတွေရှိသလဲမေးရင်တော့ ကျွန်မကတော့ အများကြီးတော့ ထိရောက်မှုမရှိသေးဘူးလို့ ပြော လို့ရတယ်။ သူတို့ပိတ်ဆို့လိုက်တဲ့ လုပ်ငန်း တွေသည် တကယ်တမ်းကျတော့ စစ်ကောင်စီဘက်ကို အလုံးအရင်းနဲ့ဝင်တဲ့ လုပ်ငန်းမဟုတ်ဘူး။ ဒါပထမ အချက်။ ငွေကြေးအားဖြင့်ကြည့်မယ်ဆိုရင် သူကလူတစ်ဦးချင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းဆီရဲ့ အိတ်ကပ်ထဲကို အမျိုး မျိုးသောနည်းနဲ့ ဝင်သွားတာပိုများတယ်။ ဖြောင်ပြီးတော့ဝင်တဲ့လမ်းကြောင်းတွေ ပိုများတာပေါ့လေ။ နိုင်ငံ တော်ကို ဝင်တဲ့လမ်းကြောင်းသိပ်မရှိဘူး။ သစ်လုပ်ငန်းနဲ့ မြန်မာကျောက်မျက်ရတနာလုပ်ငန်းကိုပဲ ကြည့်ကြည့် အဲဒါမျိုး တွေ့ရတယ်။ သိပ်မထိရောက်နေဘူးလို့ ကျွန်မပြောလို့ရတယ်။ သယံဇာတအရင်းမြစ်အနေနဲ့ပဲ ကျွန်မ ပိုပြီးဖြေချင်တယ်။ တကယ့်တကယ် ငွေအလုံးလိုက်အရင်းလိုက် စစ်ကောင်စီအိတ်ကပ်ထဲကို ဝင်တဲ့ဟာက ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်တယ်။ နောက်အဲဒီငွေကလည်း နိုင်ငံခြားဝင်ငွေဖြစ်တယ်။ အဲဒါကို အခုထက်ထိ ဒဏ်ခတ်ပိတ်ဆို့တာ မလုပ်သေးဘူး။ မလုပ်သေးတဲ့အတွက်ကြောင့် ဒဏ်ခတ်ပိတ်ဆို့မှု မရှိသေးတာ တစ်ပိုင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုရှိထားတဲ့ သိပ်ပြီးတော့မှ ငွေကြေးအလုံးအရင်းမဝင်နေတဲ့ နေရာတွေမှာလည်း အရမ်းကြီး ထိရောက်မှု မတွေ့သွားဘူး။ အထူးသဖြင့် သစ်လုပ်ငန်းကိုပိတ်ခဲ့တာက လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းကပေါ့လေ။ အာဏာသိမ်းစတည်းကနေ သူတို့ပိတ်တာ။ ဒါပေမယ့်အဲဒီ မြန်မာ့သစ်လုပ်ငန်းကို ကြည့်လိုက်။ အခုထက်ထိကို သစ်တွေ၊ ကျွန်းတွေ တင်ပို့နေတဲ့ဟာက သတင်းတွေမှာ ခဏခဏပါလာတယ်။ ကျွန်မတို့ မိတ်ဖက်နိုင်ငံတကာ အဖွဲ့အစည်းတွေ ဒီကိစ္စကို တောက်လျှောက်လိုက်နေတဲ့ သူတွေရဲ့ စုံစမ်းစစ် ဆေးမှုတွေအရ၊ တောက်လျှောက်ကြည့်နေတဲ့ ဒေတာတွေ သတင်းအချက်တွေအရ အမေရိကန်နိုင်ငံအပါ အဝင် အီတလီနိုင်ငံစသဖြင့် နည်းမျိုးစုံနဲ့ တရားဝင်ကိုဝင်နေတာ။ အဲဒီတော့ ဒဏ်ခတ်ပိတ်ဆို့မှုက ဘာလဲပေါ့။ အဲဒါကျွန်မတို့ မေးခွန်းထုတ်စရာဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ မိတ်ဖက်တွေနဲ့ ပေါင်းပြီးတော့မှ ဒီကိစ္စကို တောက်လျှောက်ကြည့်ပြီးတော့မှ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အစိုးရတွေကို ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်ပျက် နေလဲဆိုတဲ့ မေးခွန်းတွေ ထုတ်နေတဲ့ဟာ နောက်သူတို့နဲ့ ဒီကိစ္စကို အရေးယူဖို့အတွက် တိုက်တွန်းနေတဲ့ ဟာတွေရှိတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု အတိုင်းအတာ ဘယ်လိုအခြေအနေလဲဆိုတာ စာရွက်ပေါ်မှာတော့ ရှိနေ တယ်။ တကယ့်တကယ်တမ်း လက်တွေ့မြေပြင်မှာတော့ အဲဒီလောက်အထိ အလုပ်မဖြစ်နေဘူး။ အဲဒီလောက် အထိ အရေးတယူလုပ်နေတဲ့ဟာ ကျွန်မတို့မတွေ့ရဘူးလို့ ကျွန်မသုံးသပ်မိတယ်။
-အမေရိကန်အပါအဝင်မဟာမိတ်တွေအနေနဲ့ စစ်အုပ်စုအပါအဝင် ဆက်နွယ်နေသူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေကို ဘယ်လောက်အထိ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေမလဲ။
ဘယ်လောက်အထိ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဖို့ လိုအပ်သလဲဆိုရင် အမေရိကန်နိုင်ငံ အင်အားကြီးနိုင်ငံ အ နောက်နိုင်ငံအုပ်စုတွေပေါ့လေ။ ဒီမဟာမိတ်တွေအနေနဲ့ ကျွန်မတို့ပြောနေတဲ့ ဒဏ်ခတ်ပိတ်ဆို့ပေးပါ၊ အရေး ယူပေးပါ ပြောနေတဲ့ LISTအရှည်ကြီးရှိပါတယ်။ အဓိကသူတို့သုံးနေတဲ့ နိုင်ငံခြားဝင်ငွေ အများဆုံး ရှာပေး နေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က အဓိကဖြစ်တယ်။ နောက်ပြီး နိုင်ငံခြားငွေလည်ပတ်ဖို့ လုပ်နေတဲ့ နိုင်ငံရဲ့ နိုင်ငံပိုင်ဘဏ်ငွေပေါ့နော်။အဲဒါတွေကို ကျွန်မတို့ပိတ်ပစ်ဖို့လိုတယ်။ အဲဒါက အရမ်းအရေးကြီးတယ် ပေါ့လေ။ ဒီမြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဝင်နေတဲ့ ဓာတ်ငွေ့က တစ်နှစ်တစ်နှစ်ကို အခုဆို ရေနံဈေးက လည်းတက်တော့ တစ်နှစ်ကို ၂ဘီလီယံနီးပါးကို ရှိနေတာပေါ့။ သူတို့ရဲ့စစ်သုံးစရိတ်ကို ပြန်ကြည့်ရင် ၁ဘီလီယံ အထက်မှာချည်းပဲ တစ်နှစ်တစ်နှစ်ကို။ ဆိုတော့သူတို့မှာ လုံလောက်တဲ့ ငွေကြေးအရင်းအနှီး ရှိနေတဲ့အတွက် ကြောင့် အခုချိန်ထိလေယာဉ်နဲ့ဗုံးကြဲတာ။ လေယာဉ်နဲ့ တိုက်ခိုက်တာ။ အဲဒါတွေကို သူတို့က အားရပါးရကြီးကို လုပ်နေကြတာ။ အဲဒါတွေက အရမ်းအရေးကြီးတဲ့အတွက်ကြောင့် ဒီလေယာဉ်နဲ့ လုပ်နိုင်ဖို့ လက်နက်တွေက မြန်မာနိုင်ငံမှာ ထုတ်နိုင်တာမရှိဘူးလေ။ အဲဒါတွေကိုဝယ်နိုင်တဲ့ ငွေကြေးအတိုင်းအတာက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကပဲ လာတဲ့အတွက်ကြောင့် ချက်ချင်းသူတို့အရေးယူဖို့ကို ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ ထိုင်းကိုအကြောင်းပြ သူတို့မဟာမိတ်ပျက်မှာစိုးလို့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ပဲ နေ့ရွှေ့ညရွှေ့ လုပ်နေ လို့ မရဘူးပေါ့နော်။ အခုလေယာဉ်ဆီကို သူတို့ ဒဏ်ခတ်ပိတ်ဆို့တယ် ပြောပေမယ့်လည်း လေယာဉ်ဆီ ဝယ်ရတာ အခက်အခဲဖြစ်သွားတယ်ဆိုတဲ့ သတင်းလည်း မတက်လာဘူး။ လေယာဉ်တွေလည်း ဗုံးကြဲနေ လိုက်တာမှ အခုဒီနှစ်ထဲမှာဆိုရင် အကြိမ်ငါးရာလောက်တောင်ဖြစ်နေပြီ။ အဲဒါကို သတင်းတွေမှာ တွေ့နေ တာပဲ။ ပိုပြီးတော့တောင် များလာတယ်။
လေယာဉ်ဆီပေါ်မှာ သွားပြီးဒဏ်ခတ်ပိတ်ဆို့လိုက်တာ ဘာများထိရောက်သွားသလဲပေါ့ ။ သူတို့မှာ ငွေရှိနေ သ၍ ငွေဆိုတာလည်း မြန်မာပြည်က ရိုက်ထုတ်လိုက်တာ မဟုတ်ဘဲနဲ့ နိုင်ငံခြားကနေ ရိုက်ထုတ်လိုက်တဲ့ နိုင်ငံခြားဝင်ငွေကို ပြောတာပေါ့လေ။ နိုင်ငံခြားဝင်ငွေ လမ်းကြောင်းတွေကို ဖြတ်ပစ်ရမယ်။ အဲဒါမှ နိုင်ငံခြားငွေ ဝင်ဖို့ရာလမ်းမရှိတဲ့ ဘယ်သူ့ကိုမဆို ဘယ်နိုင်ငံမှ အဖက်လုပ်မှာ မဟုတ်တော့ဘူးလေ။ အဲဒါကို ကျွန်မတို့က ဖြတ်ပစ်ရမှာ။ အမေရိကန်အပါအဝင် နိုင်ငံကြီးတွေက သိရဲ့သားနဲ့ မျက်နှာလွဲခဲပစ်ပေါ့နော်။ ပေါ့ပေါ့လေးပဲ လုပ်နေကြတယ်လို့ ကျွန်မကတော့ပြောချင်တယ်။ အခုဆိုရင် လူတွေကလည်းသေတာ မနည်းဘူးပေါ့။ အရမ်း အရေးပါတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ ပြောထားတာရှိတယ်။ အဲဒါတွေကို ချက်ချင်းဖြတ်တောက်ပစ်ဖို့ လိုတယ်။ ဒဏ်ခတ်ပစ်ဆို့ပစ်ဖို့လိုတယ်။ နောက်ပြီး သူတို့ကို ဘယ်နိုင်ငံကဖြစ်ဖြစ် အရေးယူပစ်ဖို့ လိုတယ်။ အဲဒါမှ လုပ်လို့ကိုင်လို့ မရဖြစ်မှာပေါ့။ အဲဒါတွေကို ချက်ချင်းလုပ်ဖို့ လိုတယ်။ အဲဒီလိုမြင်တယ်။ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေပေါ့။ အရေးပါအရာရောက်နေတဲ့ သူတွေက မြန်မာနိုင်ငံထဲမှာ မထားဘူး နိုင်ငံတကာမှာ ပစ္စည်းဥစ္စာတွေကို သွားပြီးတော့ထားတယ်။ သူတို့သားသမီးတွေကို ကျောင်းထားတယ်။ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ အဲဒါတွေကို ဖော်ထုတ်ဖို့ကိုလိုတယ်။ ကျွန်မတို့သိထားတဲ့သူတွေတောင်ဆိုရင် အရမ်းကြီးအဆင့်မြင့်တဲ့ ပုဂ္ဂိုလ်မဟုတ်တဲ့သူတွေတောင်မှ ဒုညွှန်မှူး၊ ညွှန်မှူးအဆင့်မဟုတ်တဲ့ မိသားစုတွေတောင် နိုင်ငံခြားအကုန် ရောက်ကုန်ပြီ။ နိုင်ငံခြားမှာ အိမ်ဝယ်ကားဝယ်။ တခါတည်းကို ကျောင်းတွေတက်၊ ပျော်ရွှင်နေကြတာ သူတို့ပဲ ပျော်ပြီး သုံးနေကြတာပေါ့။ ဒီလိုမျိုးကို စနစ်တကျဖော်ထုတ်ပြီး ဒီလိုလူမျိုးတွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ လိုတယ်။ အဲဒီမိသားစုတွေ သုံးနေတဲ့ ဝင်ငွေရလမ်းကြောင်းတွေ အကုန်လုံး အရေးယူပိတ်ဆို့ပစ်ဖို့ လိုတယ်။ ကျွန်မ ထပ်ပြီးတော့ ထပ်လောင်းပြောချင်တာတော့ ဒီရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ချက်ချင်းပိတ်ပါ။ ချက်ချင်း ဆန်ရှင်ချပါ။ နိုင်ငံခြားဝင်ငွေကို မြန်မာပြည်က တရားဝင်ရအောင် လုပ်ပေးနေတဲ့ နိုင်ငံပိုင်စီးပွားရေးဘဏ် တွေကို ထည့်ပြီးတော့ ပိတ်ပစ်ဖို့ လိုတယ်။
-စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်ဖို့ဘာတွေ တိုက်တွန်းချင်တာရှိမလဲ။
နိုင်ငံတိုင်းက ဝိုင်းပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဆန်ရှင်ချလိုက်ပြီဆိုပြီး LISTလေးပဲ ကျွန်မတို့ ထွက်လာတာ မဟုတ်ဘဲနဲ့ ဟိုနိုင်ငံကတော့ ဆန်ရှင်ချလိုက်ပြီ၊ ဒီနိုင်ငံကတော့ ဆန်ရှင်ချလိုက်ပြီဆို ပြီးသွားပြီ မဟုတ်ဘူး။ ဆန်ရှင်ချလည်း အလုပ်မဖြစ်နေဘူးဆိုတဲ့ဟာလည်း သက်သေတွေပြနေတဲ့ အခါကျတော့ အဲဒီဆန်ရှင်အ လုပ်ဖြစ်အောင် နောက်ကနေ စောင့်ကြည့်တဲ့ အရေးတယူစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကိုလည်း ဆက် ပြီးတော့မှ လုပ်ကိုလုပ်ရမယ်ပေါ့နော်။ အဲဒီလုပ်ငန်းတွေကို ကျွန်မတို့က အစိုးရတွေအနေနဲ့ သူတို့နိုင်ငံက တက် ကြွလှုပ်ရှားတဲ့သူတွေ အဲဒီလုပ်ငန်းတွေမှာ အဲဒီကိစ္စတွေကို တောက်လျှောက်စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ကျွန်မတို့အနေနဲ့ အဲဒီလိုမျိုး အကြံပြု ချင်တယ်။
-နောက်ဆုံးအနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။
အခုဆိုရင် အမေရိကန်မှာ သစ်တွေဆက်တိုက်ဝင်နေတယ်။ တင်ပို့နေတယ်ဆိုတော့ ဒီကိစ္စတွေ ထွက်ပေါ်လာ တယ်ပေါ့နော်။ အဲဒါကိုလည်း US ကဘယ်လိုအရေးယူမလဲဆိုတဲ့ ကိစ္စရှိတယ်။ မြန်မာ့ကျောက်မျက်ရတ နာဆိုလည်း ဆန်ရှင်သာ ချထားတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ကပဲ ကျောက်မျက်ရတနာ တင်ပို့ခွင့် ကိစ္စကို လေ။ သူတို့ထုတ်ပြန်သွားတဲ့ဟာတစ်ခု ရှိတယ်ပေါ့လေနော်။ ဒေါ်သက်သက်ခိုင်တို့၊ ရွှေနန်းတော်တို့ အဲဒီလိုမျိုး ပါနေပြီးတော့ နောက်ဆုံးကျောက်မျက်ရတနာ အဆင့်သင့်ဝတ်ဆင်နိုင်တဲ့ ဟာမျိုးအထိကို တင်ပို့ဖို့ အထိလုပ် လာတာ။ အဲဒါတွေသည် အနောက်နိုင်ငံက လက်ခံနေလို့ လုပ်လာတာ အဲဒီအဓိပ္ပာယ်မျိုးပေါ့နော်။ ကျွန်မ အလေးအနက်ထားပြီး ပြောချင်ပါတယ်။ နင်တို့လုပ်ချင်ရာလုပ် ငါတို့လည်း ငါတို့ဟာငါတို့လုပ်ချင်ရာ လုပ် မယ်ဆိုတဲ့ အဲဒီလိုမျိုး အချိုးမျိုးပေါ့လေ။ SANCTIONS တွေ အလုပ်ဖြစ်အောင် လုပ်ဖို့ ဒါကြောင့်မို့လည်း အမေရိကန်အပါအဝင် အနောက်မဟာမိတ်နိုင်ငံတွေက နင်တို့ဟာနင်တို့ SANCTIONS ချချင် သလောက်ချ ငါတို့ဘာသာ လုပ်ချင်ရာလုပ်နေမှာဆိုတဲ့ ပုံစံမျိုး။ အဲဒီလိုမျိုး ဖြစ်နေတာပေါ့နော်။