ဆိုးလ်၊ မေ(၂၇)

တောင်ကိုရီးယားနိုင်ငံရဲ့ အေးရှားနားခရီးသည်တင်လေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးဟာ လေယာဉ်ပျံသန်း နေစဉ် အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်လိုက်ပြီးနောက် လေယာဉ် အတွင်းခန်းအတွင်းသို့ လေအေးလေ ပြင်းတွေ တိုးဝင်ဖြစ်ပေါ်ခဲ့ပေမယ့်လည်း လေယာဉ်ဘေး ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်းနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ 

အေးရှားနား လေကြောင်းလိုင်းမှ အဲဘတ်စ် A321 လေယာဉ်ပေါ်မှာ လူအချို့က တံခါးဖွင့်ဖို့လုပ်တဲ့သူကို တား ဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ တံခါးဟာ တစ်ဝက်တစ်ပျက်ပွင့်သွားခဲ့တယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ 

လူ (၁၉၄) ဦးပါတဲ့ အဲဒီခရီးသည်လေယာဉ်ဟာ တောင်ပိုင်းဂျယ်ကျူးကျွန်းမှ အရှေ့တောင်ဘက် ဒယ်ဂူမြို့သို့ ဦးတည်သွားခဲ့တာဖြစ်ပြီး ပျံသန်းချိန်ဟာ ပုံမှန်အားဖြင့် တစ်နာရီခန့်ကြာမြင့်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ 

တံခါးဖွင့်ခဲ့တဲ့အချိန်အပါအဝင် အဖြစ်အပျက်အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အေးရှားနား လေကြောင်းလိုင်းက ပြောကြားထားပါတယ်။ 

အဲဒီလေယာဉ်ပေါ်က လူတစ်ဦးရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ဖွင့်ထားတဲ့တံခါးကတစ်ဆင့် အတွင်းခန်း ထဲသို့ တိုးဝင်နေတဲ့ လေပြင်းကြောင့် ခရီးသည်တွေရဲ့ ဆံပင်တွေလွင့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

တံခါးဖွင့်ခဲ့တဲ့ အမည်မသိလူကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ဒီလိုတံခါးဖွင့်ရတဲ့အကြောင်းရင်း၊ ရည်ရွယ်ချက် ကိုတော့ မသိရသေးဘူးလို့ လေကြောင်းလိုင်းကဆိုပါတယ်။ 

ခရီးသည်တွေထဲမှာ အခြားအရှေ့တောင်ဘက် အယ်ဆန်မြို့မှာ ကျင်းပမယ့်အားကစားပြိုင်ပွဲကို တက်ရောက်ဖို့ စီစဉ်ထားတဲ့ ဆယ်ကျော်သက် အားကစားသမားတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

“ကလေးတွေ တုန်လှုပ်ပြီး ထိတ်လန့်တကြား ငိုကြတယ်။ ထွက်ပေါက်အနီးမှာ ထိုင်နေတဲ့သူတွေတော့ တော်တော်လေးတုန်လှုပ်သွားပါလိမ့်မယ်” လို့ အားကစားသမားတစ်ဦးရဲ့ မိခင်က ပြောပါတယ်။ 

လေယာဉ်ဟာ ဘေးကင်းစွာ ဆင်းသက်လာနိုင်တဲ့အခါမှာလည်း အဲဒီတံခါးဟာပွင့်နေဆဲဖြစ်နေတာပါ။ လေ ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်ကိုးဦးဟာ အလွန်အမင်းထိတ်လန့်ခဲ့လို့ အသက်ရှုကျပ်သွားတဲ့အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း Daily Mail သတင်းစာ က ဖော်ပြခဲ့ပါတယ်။ 

Ref: AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.