ရန်ကုန် ၊ မေ (၂၇)

အမေရိကန်အပါအဝင် အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ ဆက်နွယ်နေတဲ့လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီကနေ့အချိန်ထိ မထိရောက်သေးဘူးလို့ သွေးစွန်းငွေဖြတ်တောက်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ထောက်ပြဝေဖန်တာပါ။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုစွပ်စွဲချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး နိုင်ငံ့အာဏာသိမ်းယူပြီးနောက် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာပါ။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ နှစ်နှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ် ချုပ်တွေအပါအဝင် ကူညီပံ့ပိုးပေးနေသူ လူပုဂ္ဂိုလ် ၈၀ ကျော်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းပေါင်း ၃၀ ကျော်ကို အကြိမ်ရေဆယ်ချီထက်မနည်း ဒဏ်ခတ်အရေးယူထားပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု တာဝန်ရှိသူတစ်ဦးကတော့ အရေးယူပိတ်ဆို့ထားတဲ့ လုပ်ငန်းတွေဟာ စစ်ကောင်စီထံ ငွေကြေးအလုံးအရင်းနဲ့ ဝင်ရောက်နေတာမဟုတ်ဘဲ ဖျောက်ပြီးဝင်သွားတဲ့ လမ်းကြောင်းတွေ ပိုများတာကြောင့် သိပ်မထိရောက်နေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ပိတ်ဆို့လိုက်တဲ့ လုပ်ငန်းတွေက တကယ်တမ်းကျတော့ စစ်ကောင်စီဆီကို အလုံးနဲ့အရင်းနဲ့ ဝင်နေတဲ့ လုပ်ငန်းမဟုတ်ဘူး။ ငွေကြေးအားဖြင့်ကြည့်ရင် လူတစ်ဦးချင်း ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အိတ် ကပ်ထဲကို အမျိုးမျိုးသောနည်းနဲ့ ဝင်သွားတဲ့ဟာပိုများတယ်။ ဖျောက်ပြီးတော့ ဝင်သွားတဲ့ လမ်း ကြောင်းတွေ ပိုများတာပေါ့။ အဲဒီလိုမျိုး နိုင်ငံတော်ကိုဝင်တဲ့ လမ်းကြောင်းသိပ်မရှိဘူး၊ သစ်လုပ်ငန်းကိုပဲကြည့်ကြည့်၊ နောက်မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကိုပဲ ကြည့်ကြည့်ပေါ့။ ဆိုတော့ သိပ်မထိရောက်နေဘူးလို့ ပြောလို့ရတယ်။ တကယ့်တကယ် ငွေအလုံးလိုက်အရင်းလိုက် အိတ်ကပ်ထဲကို ထည့်လို့မရဘဲ စစ်ကောင်စီဆီဝင်နေတာက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်တယ်၊ အဲဒီငွေကလည်း နိုင်ငံခြားဝင်ငွေဖြစ်တယ်။ အဲဒီဟာကိုလည်း အခုထိဒဏ်ခတ်ပိတ်ဆို့တဲ့ဟာ မလုပ်သေးဘူးပေါ့”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကို နိုင်ငံခြားဝင်ငွေတွေ အမြောက်များရရှိစေတဲ့ သယံဇာတလုပ်ငန်းတွေထဲက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ (MOGE)အပါအဝင် ကျောက်မျက်ရတနာနဲ့ မြန်မာ့ကျွန်းသစ်လုပ်ငန်းတွေကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒီကနေ့အထိ တင်ပို့နေတာရှိတယ်လို့ သွေးစွန်းသွေဖြတ်တောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Justice For Myanmar ကလည်း ကျောက်စိမ်းနဲ့ ကျောက်မျက်တွေဟာ စစ်ကောင်စီနဲ့ သူတို့ရဲ့ ပြည် သူ့စစ်အဖွဲ့တွေအတွက် အခွန်ဝင်ငွေကြီးကြီးမားမားရရှိတဲ့ ရင်းမြစ်တစ်ခုဖြစ်တဲ့အပြင် လူမျိုးစု တိုင်း ရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့ပေးနေတယ်လို့ သတိပေးထားပါတယ်။

မြန်မာ့ကျွန်းသစ်နဲ့ပတ်သက်ပြီးတော့လည်း ဗြိတိန်နိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံ စမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ရဲ့ အဆိုအရ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကိုတင်ပို့တဲ့ သစ်တန်ချိန် ၃၀၀၀ ကျော် ရှိတယ်လို့ The Guardian သတင်းဌာနက မေ ၁၆ ရက်နေ့မှာဖော်ပြခဲ့ပါတယ်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်း ရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း စစ်အုပ်စုပေါ် ဒဏ်ခတ်အရေးယူမှုတွေ အခုထက်ပိုပြီး ထိရောက်တိကျတဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ လိုအပ်နေသေးသလို နိုင်ငံတကာကနေ ဝိုင်းဝန်းပြီ ထိထိရောက်ရောက် တွန်းအားပေးဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။

“စစ်အုပ်စု စစ်ခေါင်းဆောင်တွေအပေါ်မှာ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်နေတယ်ဆိုပေမယ့် ဒီထက်ပိုပြီးတော့ ထိရောက်တိကျတဲ့ အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ကျွန်မက ယူဆပါတယ်။ အခုချိန်ထိအောင် စစ်ခေါင်းဆောင်တွေနဲ့ အကျိုးစီးပွားအတူတကွလုပ်ဆောင်နေကြတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ နိုင်ငံတွေရှိနေပါသေးတယ်။ အဲဒီကနေ ရရှိတဲ့ဝင်ငွေတွေနဲ့ စစ်အုပ်စုက သက်ဆိုးရှည်နေတာဖြစ်တယ်။ ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကို လုပ်ကိုင်ဆောင်ရွက်နေကြတာ ဖြစ်တယ်။ ဒီစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံမဆို ဆက် လက်ပြီး လုပ်ဆောင်ခြင်းမပြုကြဖို့ ကျန်တဲ့နိုင်ငံတကာကနေ ဝိုင်းဝန်းပြီး ထိထိရောက်ရောက် တွန်း အားပေးဖို့ လိုကြလိမ့်မယ်လို့ ကျွန်မကယူဆပါတယ်” လို့ သူက ဆိုပါ တယ်။

အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံတချို့ကတော့ အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ထိရောက်မှုတွေသုံးသပ်ဖို့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပကော်မရှင်နဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ ဆွေးနွေးသုံးသပ်ခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။အဲဒီထဲမှာ အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက ပိတ်ဆို့အရေးယူထားတာတွေနဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် ပံ့ပိုးပေးနိုင်မယ့်ပစ်မှတ်နဲ့ သတင်းအချက်အလက် မျှဝေတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကန့်သတ်တားဆီးနိုင်ဖို့နဲ့ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့ မဟာမိတ်နိုင်ငံတွေကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားတာပါ။

စစ်တပ်အာဏသိမ်းမှုကို ဒီကနေ့အချိန်ထိ မြေပြင်ဆန္ဒပြပွဲတွေနဲ့အတူ လက်နက်ကိုင်ခုခံတော်လှန်မှုအား ကောင်းတဲ့ အညာဒေသတချို့မှာတော့ “သွေးစွန်းငွေ ဖြတ်တောက်ရေး” ကြွေးကြော်ဆန္ဒထုတ် ဖော်တာတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.