ပုလော၊ မေ(၂၇)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ အလယ်တန်းကျောင်းအုပ်ဆရာမ ဒေါ်စုလတ်ဖြူဟာ နေအိမ်မှာသေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်က ပုလောမြို့နယ် မကျည်းကုန်းကျေးရွာမှာ နေထိုင်တဲ့ ကျောင်းအုပ်ဆရာမ ဒေါ်စုလတ်ဖြူကို အမည်မသိသေနတ်သမားတွေက နေအိမ်ပေါ်တက်ပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကျောင်းအုပ်ဆရာမ ဒေါ်စုလတ်ဖြူဟာ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကျောင်းအုပ်ဆရာမဟာ တာဝန်ကျရာ ကဒဲကျေးရွာမှာ ကျောင်းမဖွင့်နိုင်သေးတာကြောင့် သင်တန်းဆင်းပြီးနောက် မြို့နယ်ပညာရေးမှူးရုံးမှာ ရုံးတက်နေခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုလတ်ဖြူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလယ်တန်းကျောင်းအုပ်အဖြစ် ရာထူးတိုးခံရပြီး တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကျောင်းအုပ်ဆရာမကို အင်အား ၁၅ ဦးနီးပါးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေအိမ်အပေါ်မှာ သေနတ်နဲ့ လာရောက်ပစ်သတ်သွားတယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။
ကျောင်းအုပ်ဆရာမကို ဘယ်သူတွေက ဘာကြောင့်သေနတ်နဲ့ပစ်သတ်ခံရလဲဆိုတဲ့ ဖြစ်စဉ်အသေး စိတ်ကို သံလွင်တိုင်းမ်အနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ ၄၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ