မော်လမြိုင်၊ မေ(၂၆)
အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မွန်ပြည်နယ်မှာ ကွမ်းရွက်ဈေးနှုန်း ၂ ဆကျော် ခုန်တက်လာခဲ့သလို ကွမ်းယာဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတယ်လို့ ကွမ်း ရွက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေနဲ့ ကွမ်းရွက်စိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကွမ်းရွက်ဈေးနှုန်းဟာ မိုခါမုန်တိုင်းမတိုက်ခတ်မီ မေလဒုတိယအပတ်အတွင်း ကွမ်းရွက်တစ်ပိဿာကို ကျပ် ၈,၀၀၀ ဝန်းကျင်သာ ရှိရာကနေ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ကျပ် ၂၀,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင်တက်လာခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာကို ကျပ် ၁၆,၀၀၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေတာပါ။
ကွမ်းရွက်ဈေးနှုန်းဟာ မုန်တိုင်းမတိုင်မီ ရာသီဥတုပူတဲ့အတွက် အထွက်နှုန်းလျော့ကျခဲ့သလို မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းလည်း အပင်တွေပြိုလဲခဲ့တာကြောင့် ပစ္စည်းပြတ်ပြီး ဈေးနှုန်းအဆမတန် မြင့်တက်လာရတာဖြစ်တယ်လို့ ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ဘာကြောင့်ဈေးတက်လဲဆိုတော့ ကွမ်းကရေတွေငတ်တယ်လေ၊ အဲဒီတော့ ကွမ်းကအဖတ်စုတ်တယ်လေ။ ဥပမာအချိန် (၁၀၀) ထွက်တဲ့သူက အချိန်(၃၀) လောက်ပဲ ထွက်တော့တာပေါ့နော်။ ဒါကပထမအချက်ပေါ့၊ နောက်ဒုတိယအချက်က ဒီမုန်တိုင်းဝင်တော့ ကွမ်းပင်တွေလဲကြတယ်လေ။ ပြိုကြတယ်။ အဲဒီမှာရေမြုပ်တော့ ပစ္စည်းကရုတ်တရက် ပြတ်သွားတာပေါ့။ ဈေးနှုန်းတွေ တက်သွားတာပေါ့။ မုန် တိုင်းကြောင့် အခက်အခဲအကျပ်အတည်း တော်တော်လေးတော့ ဖြစ်သွားကြတယ်လေ။ တချို့ ကွမ်း ယာဆိုင်တွေဆို ပိတ်လိုက်ရတာပေါ့။ ဈေးနှုန်းကအရမ်းမြင့်တော့ တစ်ပိဿာကို (၂)သောင်းထိအောင် ဖြစ်ကုန်တယ်။ မဖြစ်ဖူးတဲ့ဈေးတွေ ဖြစ်သွားတာပေါ့နော်။ မကြားဖူးတဲ့ ဈေးတွေကြားရတာပေါ့။ အခုတော့လည်း ပြန်ကျလာပြီးပေါ့၊ အခုလက်ရှိကတော့ (၁၆၀၀၀)ပေါ့၊ အခုရက်ကတော့ ဈေးကအေးသွားပြီး ငြိမ်သွားပြီးလေ”လို့ ဆိုပါတယ်။
ဒါ့အပြင် ကွမ်းရွက်တွေဟာ တောင်သူတွေဆီကနေ လိုသလောက်မှာယူလို့မရသလို သယ်ယူပို့ဆောင်တဲ့ နေရာမှာလည်း အရင်ကထက် စက်သုံးဆီဈေးနှုန်းကြီးမြင့်နေတာကြောင့် ပိုမိုကုန်ကျတဲ့အတွက် ထင်တာထက် ဈေးနှုန်းပိုမိုမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ကွမ်းစိုက်တောင်သူတစ်ဦးကလည်း ကွမ်းရွက်ဈေးနှုန်းဟာ မုန်တိုင်းကြောင့် ကွမ်းခြံတွေပြိုတာ၊ အပူ ချိန်ကြောင့် ကွမ်းခြံတွေသေတာရှိသလို အလုပ်သမားရှားပါးတာနဲ့ တိုက်ပွဲတွေကြောင့်လည်း ကွမ်း ရွက်တွေကို အချိန်မီမခူးနိုင်တာကြောင့် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီရက်ပိုင်း ကွမ်းဈေးတက်တယ်ဆိုတော့ အဲဒီမုန်တိုင်းကြောင့်လို့လည်း ပြောလို့ရတာပေါ့၊ ကွမ်းမဏ္ဍပ်တွေက ဟောင်းလာတော့ ဒေါက်မထောက်မှီနဲ့ တိုင်အစားမလဲမီနဲ့ မလဲနိုင်တဲ့ ကွမ်းခြံတွေက တော့ ပြိုတာပေါ့။ ဒါတောင်ကျွန်တော်တို့ မွန်၊ ကရင်က လေနည်းနည်းပဲလာတာတောင် မဏ္ဍပ်တွေပြိုတယ်၊ အထက်ပိုင်းမှာလည်းပြိုတော့ ကွမ်းတွေကခူးလို့မရတော့ဘူးလေ။ ဒီဘက်က တောင်ပေါ်ကွမ်းတွေက တချို့က ဒီနှစ်ကအပူဒဏ် တအားများသွားတယ်လေ။ ရေတက်ပြီးတော့ မသွင်းရဲလို့သေတဲ့ကွမ်းခြံတွေက တော်တော်များများ ဖြစ်သွားတယ်။ နောက်ပြီးတော့ ရေရှားလို့ လုံလောက်အောင်မသွင်းနိုင်တဲ့ ကွမ်းခြံတွေက တော်တော်များများဖြစ်တယ်။ သေကုန်တယ်၊ အလုပ်သမားက ရှားတယ်၊ ဘန်ကောက်ဘက်ကို အတက်များကုန်ပြီးလေ။ ခြံသမား (၄) (၅)ယောက်က သူတို့မိသားစုတွေနဲ့ ဟိုခြံ၊ ဒီခြံလှည့်ပြီး ခူးနေကြတာပေါ့။ နောက်အခက်အခဲကတော့ အဲဒီဘာညာအသံ ကြားရင်တော့လည်း တစ်ရက်ကွာတို့၊ နှစ်ရက်ကွာတို့ ပြန်ဆုတ်ပြီးတော့ ဘာမှမကြားတော့ရင်သွားပြန်ခူး။ အဲဒီလိုတော့ ရှိတာပေါ့”လို့ ဆိုပါတယ်။
ဈေးကွက်အတွင်းမှာတော့ ကွမ်းရွက်ဈေးနှုန်း အဆမတန်မြင့်တက်နေတဲ့အတွက် ကွမ်းရွက်တွေကို လိုသလောက်သာ မှာယူရောင်းချတာရှိပြီး အရင်လို အပိုအလျှံဝယ်ယူမှုမရှိတဲ့အတွက် အရောင်းအ ဝယ်အေးနေတယ်လို့ ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
ကွမ်းရွက်ဈေးနှုန်း ၂ ဆကျော် ခုန်တက်လာတဲ့အတွက် ကွမ်းယာဆိုင်တွေမှာ အရင်ကထုံးဆေး ကျပ် ၅၀၀ ဖိုးကို ကွမ်းယာ ၈ ယာရရှိရာကနေ အခုအခါမှာတော့ ၅ ယာသာရရှိတော့သလို ဆေးမွှေးနဲ့ဖြစ်ပါက ကွမ်းယာတစ်ယာကို ကျပ် ၁၅၀ ဖြစ်ပေါ်နေတယ်လို့ ကွမ်းစားသူတွေထံကနေ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ ကွမ်းရွက်တွေကို ကျိုက်ထိုနဲ့ မုံရွာမြို့နယ်တွေက အဓိကဝင်ရောက်တာဖြစ်ပြီး ဘီးလင်းနဲ့ ပန်းတနော်မြို့နယ်အပြင် တခြားမြို့နယ်တွေကလည်း မှာယူတင်သွင်းတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ