မေ ၂၆၊ မန္တလေး

နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဌဖြစ်တဲ့ ဗန်​မော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသဟာ မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်မှာ ဘဝနတ်ပျံလွန်တော်မူသွားကြောင်း သိရပါတယ်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄နှစ် ရှိပြီး ဆရာတော်ကျောင်းထိုင်တဲ့ မန္တလေး ဗန်မော်ကျောင်းတိုက်မှာ ပျံလွန်တော်မူခဲ့တာပါ။

ဆရာတော်ဟာ ပြီးခဲ့တဲ့ မတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အသည်း၊ အစာအိမ်ပြွန်ရောဂါနဲ့ ဆေးကုသမှု ခံယူခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးကနေ မန္တလေးဆေးရုံကြီးကို ပြောင်းရွေ့ကုသခဲ့ပြီး နှစ်လအကြာမှာ ပျံလွန်တော်မူခဲ့တာပါ။

ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှဖွားမြင်ခဲ့ပြီး မွေးချင်းရှစ်ယောက်ရှိရာ စတုတ္ထမြောက်သားဖြစ်ပါတယ်။

ဆရာတော်ဟာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်အပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (ရန်ကုန်တက္ကသိုလ်) တွေကို ရရှိထားတဲ့ ရဟန်းတစ်ပါးဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် တာဝန်ယူခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

ဆရာတော်ကြီးရဲ့ အန္တိမဈာပန ပူဇော်ပွဲ ကျင်းပမယ့်နေ့ရက်ကို မသတ်မှတ်ရသေးသလို ပြုလုပ်မယ့်အစီအစဉ်တွေကိုလည်း အသေးစိတ် ထုတ်ပြန်သွားမယ်လို့ ကျောင်းတိုက် နာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံအဟောင်းဖြစ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.