မြန်မာနိုင်ငံကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ပတ်နီးပါးရှိလာတဲ့အထိ မုန်တိုင်းဒဏ်သင့်ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေဟာ စစ် ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအားလုံးအတွက် နှစ်ပတ်စာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ အသင့်ဖြစ်နေပေမယ့် ခွင့်ပြုချက်ရဖို့ ဆွေးနွေးနေရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဘယ်လိုအရေးတကြီး အကူအညီတွေ လိုအပ်နေပါသလဲ။ လက် ရှိမှာရော ဘယ်လိုအခက်အခဲတွေကို အကြီးအကျယ်ရင်ဆိုင်နေရပါလဲ၊ မြေပြင်မှာကူညီခွင့်ရဖို့ စောင့်ဆိုင်းနေရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဘယ်လိုအရေးတကြီး အကူအညီတွေ လိုအပ်နေပါသလဲ။

အဓိက မြေပြင်မှာလိုအပ်နေတာ ရေပေါ့နော်။ တော်တော်များများနေရာတွေ ဆားငန်ရေဝင်သွားတော့ ဆားငန်ရေက ရေကန်တွေထဲဝင်သွားတော့ သုံးလို့မရတော့တာ။ အရေးကြီးဆုံးကရေပေါ့နော်။ ပြီးတော့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေလည်း လိုအပ်တာပေါ့။ ကန်တွေက ရေစုပ်ထုတ်တာနဲ့ ပတ်သက်လို့ မနိုင်မနင်းဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ကန်တွေတော်တော်များများ ပျက်စီးသွားတယ်လေ။ ဆားငန်နေလည်းပါနေတော့ ရေစုပ်စက် တွေနဲ့ စုပ်ထုတ်တယ်။ ရေစုပ်စက်ကလည်း မနိုင်မနင်း အဲဒီလိုပုံစံမျိုးပဲ အခက်အခဲတွေက အများကြီးပဲ။ မြေပြင် အနေအထားမှာ လိုအပ်ချက်တွေက အများကြီးရှိတယ်။ ခုနကပြောတဲ့ ၃ချက်လောက်ကတော့ အခုချက်ချင်း အရေးတကြီးလိုအပ်နေတယ်။ အခုချက်ချင်း လိုအပ်နေတဲ့ အပိုင်းမှာရှိတယ်။

– လက်ရှိမှာရော မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ဘယ်လိုအခက်အခဲတွေကို အကြီးအကျယ်ရင်ဆိုင်နေရပါလဲ။

တကယ်ကျရင် အခုဖြစ်နေတဲ့အနေအထားမျိုးက ကန်ထဲကရေတွေကို မထုတ်နိုင်ခဲ့ဘူးဆိုရင် ဝမ်းရောဂါ အရင် ဆုံး စဖြစ်မှာပဲ။ အဲဒီဝမ်းရောဂါကို မဖြစ်အောင်ဖြေရှင်းဖို့က တော်တော်လေး အခက်အခဲရှိတယ်။ ပထမ တစ် ချက်က ဆေးဝါးသယ်ယူခွင့်မရဘူး။ ဆေးဝါးသယ်ယူခွင့် အကန့်အသတ်တွေ အများကြီး ရှိတယ်။ UN အဖွဲ့ အစည်းတွေဆိုရင်လည်း သူတို့ကြားထဲမှာ ဘယ်လိုရှိမယ်မသိဘူး။ ကျွန်တော်တို့ ထင်သလောက် သူတို့လည်း ကြိုတင်ပြင်ဆင်မှုအပိုင်းတော့ရှိမယ်လို့ ထင်ပါတယ်။ သဘောက ကြိုတင်ပြီး ပြင်ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။  မုန်တိုင်းလွန်ပြီး တစ်ပတ်ကျော်လာတဲ့အထိ ခွင့်မပြုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

– စစ်ကောင်စီကလည်း အခုအချိန်အထိ ကုလအဖွဲ့အစည်းတွေကို မြေပြင်မှာကူညီခွင့်မပေးသေးဘူးဆိုတော့ ပြန်လည်ထူထောင်ရေး ထိရောက်ဖို့ဆိုရင် ဘာတွေလုပ်ဆောင်သင့်တယ်လို့ မြင်ပါသလဲ။

အဓိကကတော့ ဖြစ်နေတဲ့နေရာကို မြန်မြန်ဆန်ဆန်ရောက်ဖို့က အရေးကြီးတယ်။ တကယ်တော့ သူတို့ အ ပိုင်းမှာ ဘယ်လိုရှိမလဲဆိုတာတော့ ကျွန်တော်တို့ အတိအကျတော့ မသိဘူးပေါ့နော်။ သိလည်းမသိနိုင်တဲ့ အနေအထားမျိုးမှာဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြောလိုတာတော့ ဘယ်လို မြန်မြန်ဆန်ဆန်မျိုးနဲ့ ရောက်နိုင် မလဲ။ မြန်မြန်ဆန်ဆန်ရောက်အောင် ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်ရင် အဆင်ပြေနိုင်မလဲဆိုတာ UNနဲ့ အခုလက်ရှိ အစိုးရနဲ့ ဘယ်လိုပုံစံမျိုး ဆွေးနွေးထားလဲဆိုတဲ့ ပုံစံမျိုးပေါ်မှာပဲ မူတည်တယ်။ သူတို့ကြားထဲမှာတော့ ပုံစံတစ်ခု ခုတော့ ရှိမှာပေါ့။ အဲဒီအပိုင်းကျတော့ ကျွန်တော်တို့က ပြောဖို့ခက်တာပေါ့။ အဓိကကတော့ ဘယ်အဖွဲ့အစည်း မဆို လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိပြီးတော့ လုပ်ဖို့ကိုင်ဖို့အဆင်ပြေဖို့ အရေးကြီးဆုံးပဲ။ လိုအပ်နေတာတော့ ဒီနေ့ လိုအပ်နေတာမဟုတ်ဘူး။ ဖြစ်ပြီးတည်းက လိုအပ်နေတာ။ အဖွဲ့အစည်းတွေက သွားတယ်ဆိုပေမယ့် ရောက်သင့်သလောက် မရောက်ဘူးဆိုတဲ့ အနေအထားမျိုးမှာပဲ ရှိတယ်လို့ ပြောလို့ရတယ်။  ပြောချင်တာက တကယ်ကို လိုအပ်ချက်နဲ့ ကိုက်ညီဖို့ မလွယ်ဘူးဆိုရင်တောင် အတိုက်အခံတစ်ခု မရောက်ဘူးဆိုတဲ့ အတိုင်း အတာ။ လူမှုအဖွဲ့အစည်းတွေ ဒေသအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ကတော့ သွားရလာရအဆင်ပြေပါ တယ်။

-နောက်ဆုံးအနေနဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေအပေါ် စစ်ကောင်စီရဲ့ ကူညီပေးနေမှုတွေက ထိရောက်မှုရှိလား။ ဒီအပေါ်မှာ ဘယ်လို သဘောထား မှတ်ချက်ပြုလိုပါသလဲ။

မြို့ပေါ်အနေနဲ့ဆိုရင်တော့ သူတို့လုပ်တာ အတိုင်းအတာတစ်ခုထိ ရှိမယ်ထင်ပါတယ်။ ဒါပေမယ့် နယ်မှာကျတော့ ရောက်လား၊ မရောက်လားဆိုတဲ့ ပုံစံမျိုးကတော့ ရှိတာပေါ့။ နယ်မှာကလိုအပ်ချက်က တော်တော်များများ ကြီးမားနေတာဆိုတော့ ထိရောက်သင့်သလောက် မရောက်ဘူးဆိုတဲ့  အနေအထားမျိုးမှာ ရှိတာပေါ့။ စစ်တွေမှာတော့ သူတို့သက်သက်သာသာနဲ့ ရောင်းချနေတဲ့အပိုင်းတော့ ကျွန်တော်တို့ မြင်တာတော့ ရှိပါတယ် မြို့ပေါ်မှာ။  နယ်မှာကျတော့ ထိရောက်မှုက တော်တော်လေးအားနည်းတယ်လို့ ပြောလို့ရတယ်။ လူ၁၀၀ဆိုရင် ၅ယောက်၊ ၁၀ယောက်ဆိုတဲ့ ပုံစံမျိုး အနေအထားပေါ့။ အဲဒီလို ပုံစံမျိုးတွေ အနေအထားမျိုးတွေ ရှိတော့  လို တာက အယောက်၉၀လောက်ကထပ်ပြီး လိုနေတဲ့ သဘောတရား။  အဲဒီလိုကျတော့ လိုအပ်ချက်ကလုပ်ပေးနေတာနဲ့ လိုအပ်တာက တော်တော်လေး ကွာဟနေတဲ့ အနေအထား ထပ်ပြီးကြားရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.