ရွှေကူ၊ မေ(၂၅)
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေကို လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ပြီး နှစ်ပတ်အကြာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လေးခုက PDF တပ်ဖွဲ့ဝင် ၈ ဦး ရှိတယ်လို့ စစ်ကောင်စီက သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။
မေ ၁၀ ရက်နေ့မှာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်အတွင်းရှိ PDF အဖွဲ့ဝင် ၃ ဦး၊ ချင်းပြည်နယ် ဂန့်ဂေါမြို့နယ်အတွင်းက PDF အဖွဲ့ဝင် ၃ ဦးနဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းက PDF အဖွဲ့ဝင် ၁ ဦးတို့ ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းနဲ့အတူ ဝင်ရောက် လာတယ်လို့ ဆိုပါတယ်။
PDF အဖွဲ့ဝင်တွေနဲ့အတူ ပါရှိလာတဲ့ BAREDDA အမျိုးအစားပစ္စတို တစ်လက်၊ လက်လုပ်ပစ္စတို ၂ လက်နဲ့ လက်နက်ခဲယမ်းတွေအတွက် တာဝန်ရှိသူတွေက ထောက်ပံ့ငွေ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဆိုထားပေမယ့် ဘယ်ပမာဏထိ ပေးအပ်ခဲ့တယ်ဆိုတာ မဖော်ပြထားပါဘူး။
မေ ၂၂ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ရွှေကူမြို့က PDF အဖွဲ့ဝင် ၁ ဦး ဥပဒေဘောင်အတွင်းဝင်ရောက်လာပြီး သူ့မှာပါလာတဲ့ KA -22 ၁ လက်၊ ဘီအေ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၁ လုံးနဲ့ ခဲယမ်းတွေ ဗန်းမော်တပ်နယ်က တာဝန်ရှိသူတွေထံ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပေါ် စစ်ကောင်စီဘက်က သေနတ် ၁ လက်အတွက် ငွေကျပ် သိန်း ၅၀၊ လက်ပစ်ဗုံး ၂ လုံးအ တွက် ၃ သိန်းနဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေအတွက် သုံးသိန်း စုစုပေါင်း ၅၆ သိန်းကျပ်ကို ဆုကြေးငွေအဖြစ် ပေးအပ်ခဲ့တယ်လို့ မေ ၂၄ ရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
မန္တလေးတိုင်း မတ္တရာအခြေစိုက် နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့တာဝန်ခံ ဗိုလ်နတ်ဆိုးက စစ်ကောင်စီရဲ့ လုပ်ရပ်ဟာဝါဒဖြန့်တဲ့သဘောမျိုးဖြစ်ပြီး သူတို့အဖွဲ့အစည်းအတွင်းနဲ့ မဟာမိတ်အဖွဲ့အ စည်းတွေအတွင်း အလင်းဝင်နှုတ်ထွက်တာတွေ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဲဒါတွေက ဆိုက်ဝါးပဲဗျ။ လက်ရှိအခြေအနေထိက မဟာမိတ်တွေ၊ မြေပြင်မှာလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအားလုံးထဲက လက်ရှိမှာ အလင်းဝင်တဲ့အခြေအနေမျိုးတွေ၊ အဖွဲ့အစည်းကနေ နှုတ် ထွက်သွားတဲ့သူမျိုးတွေကတော့ အခုချိန်ထိတိတိကျကျ မသိရသေးဘူးဗျ။
ရှိလည်း မရှိသေးဘူး။
ကျွန်တော်တို့ရဲ့ အမြင်ကတော့ ဆိုက်ဝါးပေါ့။
ဝါဒဖြန့်တာလို့ပဲ ထင်တယ်၊ လက်ရှိအခြေအနေမှာတော့ နီးစပ်ရာအဖွဲ့တွေ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အဆက်အသွယ်ရှိကြတာလေ။
သူတို့အဖွဲ့အစည်းတွေထဲက အဲဒီလိုမျိုး အလင်းဝင်သွားတာတို့၊ နှုတ်ထွက်သွားတာတို့ အသေးအမွှားလေးကအစသိရတယ်။
ဒီလို ကြီးကြီးမားမားကိစ္စဆို အဖွဲ့အစည်းတွေအတွင်း ဟော့နေမှာလေ။ အဖွဲ့အ စည်းတွေထဲမှာ အေးဆေးတည်ငြိမ်နေတယ်၊ ဘာမှတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ကြားထားတာ မရှိသေးဘူးဗျ”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေကို ဆုကြေးငွေ အနည်းဆုံးနှစ်သိန်းကျပ်ကနေ အများဆုံး ၇၅ သိန်းကျပ်အထိ ထောက်ပံ့ပေးသွားမယ်လို့ မေ ၉ ရက်နေ့က ကြေညာထားတာပါ။
လက်နက်ခဲယမ်းနဲ့ ဝင်ရောက်လာသူတွေအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိခိုက်နစ်နာစေမှုစတဲ့ ပြစ်မှုတခုခုကျူးလွန်ထားသူတွေဖြစ်နေရင် ဥပဒေအရတရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ဖြေရှင်းရာမှာလည်း စစ်ကောင်စီက ပြစ်မှုအပေါ်မူတည်ပြီး ဥပဒေအရ လိုအပ်တဲ့ဖြေလျှော့မှုတွေကို ပြုလုပ်ပေးသွားမှာဖြစ်သလို လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ သတင်းစာတွေမှာ မေ ၉ ရက်ကနေ ၁၆ ရက်နေ့အထိ ကြေညာခဲ့တာပါ။
မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောခွင့်ရ နိုင်နဂါးကလည်း စစ်ကောင်စီရဲ့ မက်လုံးပေးစည်းရုံးမှုကို အယုံအကြည်မရှိသလို စစ်အုပ်စု ပြုတ်ကျရေးအတွက်သာ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ် ကြောင်းနဲ့ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်မှုဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့တော်လှန်ရေး ရဲဘော်တွေဟာ မိသားစု၊ ဆွေမျိုး၊ အသိုင်းအဝိုင်း၊ ပစ္စည်းဥစ္စာအားလုံးကိုစွန့်ခွာပြီး ကိုယ်ကျိုးအားလုံးကိုစွန့်လွှတ်ပြီးတော့ ဒီမတရားသိမ်းပိုက်အုပ်ချုပ်နေတဲ့ စစ်အုပ်စုကိုဖြုတ်ချဖို့အတွက် တိုက်နေတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ဆုကြေးငွေနဲ့ မက်လုံးပေးပြီးတော့ လက်နက်ချခိုင်းတဲ့လုပ်ရပ်က အမှန်တကယ်တော့ရယ်စရာလုပ်ရပ်လို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။
စစ်ခွေးတွေဟာ ဘယ်တုန်းကကတိသစ္စာ တည်ခဲ့ဖူးလဲ။ ဘယ်တုန်းကပြောတဲ့အတိုင်းလုပ်ခဲ့ဖူးလဲ။
ကျွန်တော်တို့ ဒီလိုလက်နက်ချခြင်းအားဖြင့်ရော ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ငြိမ်းချမ်းတဲ့ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကရော တည်ထောင်နိုင်မလား။ ကျွန်တော်တို့ လူ့အခွင့်အရေးကို တကယ်အပြည့်အဝရနိုင်မလား။
ဒါတွေကိုပြန်လည်စဉ်းစားကြည့်လို့ရှိရင် ဆုကြေးပေးပြီးတော့ တော်လှန်ရေးရဲဘော်တွေကို လက်နက်ချအလင်းဝင်ခိုင်းတဲ့ လုပ်ရပ်က အင်မတန်မှ အလုပ်ဖြစ်နိုင်မယ်မထင်ဘူးလို့ ကျွန်တော်ထင်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်အုပ်စုရဲ့ လက်နက်ချဆုကြေးပေးမယ့်ကိစ္စဟာ တော်လှန်ရေးအင်အားစုတွေကို မဆွဲဆောင်နိုင်သလို ကြမ်းတမ်းရက်စက်တဲ့ နည်းနာတွေ လုပ်လာချိန်မှာ ပြည်သူတွေရဲ့ တွန်းလှန်ရေးစိတ်ဓာတ်က ပိုပြီးမြင့်မားလာတယ်လို့ သုံးသပ်ပါတယ်။
“စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဖြစ်လာတာပါ။
ဒါကြောင့် စကစရဲ့ အကြမ်းဖက်မှုက အခုလည်း ဆက်ရှိနေတဲ့အချိန်မှာ ရရာလက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်မယ်ဆိုတဲ့ စိတ်ဓာတ်က ပြည် သူလူထုထဲ ပိုပြီးများပြားလာပါတယ်။
ဒီအခြေအနေမှာ စစ်ကောင်စီပြောတဲ့ လက်နက်ချလာဖို့တို့ ဆုပေးမယ်တို့ဆိုတဲ့ကိစ္စ ဘယ်လိုမှ ဒီအင်အားစုတွေကို မဆွဲဆောင်နိုင်ပါဘူး။
ဒီနေ့အထိပိုပြီးတော့ ကြမ်းတမ်းရက်စက်တဲ့ နည်းနာတွေ လေကြောင်းထိုးစစ်တွေလုပ်လာချိန်မှာ ပြည်သူလူထုရဲ့ တွန်း လှန်ရေးစိတ်ဓာတ်က ပိုပြီးမြင့်မားလာပါတယ်။
ဒီစစ်ကောင်စီကို စစ်ရေးအရ အနိုင်တိုက်ပြီး ဖြုတ်မချနိုင်မချင်း ပြည်သူတွေက သူတို့ငြိမ်းချမ်းမှု မရနိုင်ဘူး၊ လွတ်လပ်မှု မရနိုင်ဘူး၊ ဒီမိုကရေစီမရနိုင်ဘူးဆိုတာ သဘောပေါက်နေတဲ့ အခြေအနေမှာ သူတို့မျှော်လင့်သလို လက်နက်ချဝင်ရောက်လာဖို့ လုံးဝမဖြစ်နိုင်ပါဘူး”လို့ သူက ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားသူ အ ရပ်သား ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန်မှာ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာ၊ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာနဲ့ ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေဟာ နီးစပ်ရာတိုင်းရင်းသားဒေသရှိ လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ လက်နက်ကိုင်တပ်ဖွဲ့ ၅၀၀ ကျော်အထိ ရှိလာခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်အားဟာ စစ်ကောင်စီထက်သာလွန်နေပြီလို့ ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအပြင် တိုင်းရင်းသားလူမျိုးစုတွေ လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေး ပန်းတိုင်အထိရည်မှန်းပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI