သံဖြူဇရပ်- မေ(၂၄)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာမှာ ဒီနေ့ မေ ၂၄ ရက်နေ့ မနက်အစောပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၂၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ မိုးရွာပြီး လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ ပြိုကျပျက်စီးတာနဲ့ အမိုးလန်တာ၊ သစ်ပင်လဲတာနဲ့ဓါတ်တိုင်လဲတာတွေ ဖြစ်ပေါ်ခဲ့တာပါ။
“ပထမ မိုးရွာပြီး လေတွေတိုက်လာခဲ့တာ၊ လေက တစ်ဖြည်းဖြည်းကြမ်းလာပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသွားတယ်၊ လူတွေတော့ ထိခိုက်တာမရှိဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၉ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် ၂ လုံးမှာ ပြိုကျပျက်စီးခဲ့သလို ကာလတန်ဖိုး ကျပ်သိန်းရာနဲ့ချီ ဆုံးရှုံးခဲ့ပါတယ်။
လေဆင်နှာမောင်းကြောင့် အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၈၀ နီးပါး လေဘေးသင့်ခဲ့ပြီး သူတို့တွေကိုတော့ နီးစပ်ရာ နေအိမ်တွေနဲ့ ဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။
ရသေ့တောင်ကျေးရွာအတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းတွေနဲ့ဒေသခံတွေက ဝိုင်းဝန်းရှင်းလင်းတာတွေ လုပ်ဆောင်နေပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့