သထုံ၊ မေ(၂၄)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနဲ့ ဇရပ်ကျွန်းကျေးရွာအကြားမှာ ၂၂ ဘီး ကုန်တင်ကားတစ်စီး မိုင်းထိတာကြောင့် သားအမိ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၂၂ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ကရင်ပြည်နယ်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်း နှင်လာတဲ့ ကုန်တင်ကားဟာ ရွှေမိုးဆီဆိုင်အနီးမှာ မိုင်းထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ကုန်တင်ကားမိုင်းထိမှန်တာကြောင့် ကားပေါ်ပါလာတဲ့ ယာဉ်မောင်းရဲ့ဇနီးဖြစ်သူ မခင်ခင်ကျော့နဲ့ အသက် ၂ နှစ်အရွယ်သမီးဖြစ်သူ မထွန်းဝတီမောင်တို့ ခြေထောက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ ဒေသခံတွေက သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကုန်တင်ကားမိုင်းထိတာဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာလို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသည်ကားတစ်စီးမိုင်းထိပြီး ယာဉ်ပေါ်ပါ ခရီးသည် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.