လောင်းလုံး၊ မေ(၂၄)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံး ၃ ရုံးကို မေ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ မြို့မရဲစ ခန်း၊ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးရုံး(စရဖ)တို့ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
လဝကရုံးတိုက်ခိုက်မှုမှာ အရာရှိတစ်ဦးသေဆုံးပြီး ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် မြို့မရဲစခန်းနဲ့ စရဖရုံးတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေ ရှိပေမယ့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လောင်းလုံးမြို့အတွင်း ပိတ် ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေသလို နေ့ညပိုင်းအထိ လုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။
လောင်းလုံးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရဲကင်းစခန်း၊ မြို့မရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ မကြာခဏတိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးတာတွေ ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media