စစ်တွေ၊ မေ(၂၄)
မိုခါမုန်တိုင်းဘေးသင့်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိပြည်သူတွေကို လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကူညီပေးနေတဲ့ စာရေးဆရာဝေဟင်အောင်ကို စစ်ကောင်စီက မေလ(၂၃)ရက်နေ့ကဖမ်းဆီးခဲ့ပြီး ဒီနေ့ မေ (၂၄) ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုမှုတွေရှိလာတာပါ။
စာရေးဆရာဝေဟင်အောင်နဲ့ သမီးဖြစ်သူအပါအဝင် လူ ( ၅)ယောက်ကို စစ်ကောင်စီက မေ (၂၃)ရက် ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်ခဲ့တာဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတွေဖြစ်ခဲ့တဲ့ ရသေ့တောင်မြို့နယ်ကို ကူညီကယ်ဆယ်ရေး ပစ္စည်းတွေထောက်ပံ့ဖို့အတွက် စစ်တွေမြို့မှရသေ့တောင်မြို့ကို အသွားလမ်းခုလတ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ပစ္စည်းတွေတင်ဆောင်လာတဲ့ ကားလေးစီးနဲ့အတူ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ စာရေးဆရာဝေဟင်အောင်နဲ့ အဖွဲ့ဝင်အချို့ကို စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့အခါ ပြန်လွှတ်ပေး မယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က မေ(၂၃) ရက်မှာ မီဒီယာမှာ ဖြေကြားထားခဲ့တာပါ။
ဒီကနေ့ မေ (၂၄)ရက်မှာတော့ ဦးဝေဟင်အောင်ကိုသာ ပြန်လွှတ်ပေးမှာဖြစ်ပြီး အတူဖမ်းဆီးခံရတဲ့ ရန်ကုန်ကနေရောက်လာတဲ့ ပရဟိတအဖွဲ့ဝင်နှစ်ဦးကိုတော့ ပြန်မလွှတ်ပေးဘူးလို့ ပြောဆိုလာတာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီဖမ်းဆီးခံရတဲ့အကြောင်း ရင်းကို မသိရှိရသေးသလို ဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့ အဆက်အသွယ် မရရှိသေးဘူးလို့လည်း သိရပါတယ်။
စာရေးဆရာဝေဟင်အောင်ဟာ ၂၀၁၈ခုနှစ်တုန်းကလည်း ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ခဲ့လို့ ရခိုင်ပြည်နယ် အစိုးရက ပုဒ်မ ၁၂၂ (၁) ၊ ပုဒ်မ ၅ဝ၅ (ခ)၊ ပုဒ်မ ၁၇/၁ (မတရားအသင်းနဲ့ ဆက်သွယ်မှု) တို့နဲ့ တရားစွဲဆိုခံရဖူးပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ပုံဟောင်းဖြစ်ပါသည်။