နေပြည်တော်၊ မေ(၁၉)

ဆန်တန်ချိန် (၅၀) နဲ့ စပါးတင်း(၅၀၀၀) အထက် သိုလှောင်ထားသူတွေအနေနဲ့ မှတ်ပုံမတင်ရင် ဥပ ဒေနဲ့အညီအရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

သတ်မှတ်ထားတဲ့ ဆန်နဲ့စပါးတွေကို သိုလှောင်ရင် အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်လျှောက်ထားရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ(၉) ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဆန်၊စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရနဲ့ပုဂ္ဂလိကအဖွဲ့က ပြောဆိုလိုက်တာပါ။

ဆန်၊စပါးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီက အခုလိုထုတ်ပြန်ခဲ့တာဟာ ဆန်၊စပါး ဈေးနှုန်း မြင့်တက်လာတဲ့အတွက် ရေရှည်သိုလှောင်ထားသူတွေကို မသိုလှောင်စေချင်တဲ့ သဘောဖြစ်သလို ဒီထုတ်ပြန်ချက်ကြောင့် ဈေးကွက်ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ ပြောပါတယ်။

“ဒါတွေကတော့ နိုင်ငံတကာမှာ ရှိပါတယ်။ ထိုင်းမှာလည်းရှိတယ် ဒါတွေက။ အခုကတော့ ဒီဟာတစ်ခုကို ပြဋ္ဌာန်းလိုက်တာ ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ နည်းနည်းလေး ဆန်စပါးဈေးတက်လာတာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ရေရှည်မှာမသိုလှောင်ချင်တဲ့ သဘောလို့ တွေ့ရတယ်ဗျ။ ဒီလိုမျိုး အခုတန်(၅၀) ပြည့်လို့ရှိရင် ထုတ်ကြိတ်ခိုင်းမယ်။ ဒါကြီးကို ကာလရှည် သူမပေးကိုင်ချင်တဲ့ သဘောလေးတွေ တွေ့နေရတယ်။ ပြည်တွင်းလက် ကျန်၊ ကိန်းဂဏန်းလေးတွေ သိနေရအောင်ပေါ့။ ဆန်ဈေးကွက်တစ်ခုလုံးကိုတော့ နည်းနည်းတော့ အကျိုးသက်ရောက်မှုတော့ဖြစ်မယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ နည်းနည်းပါးပါးပေါ့၊ အဲဒီလိုမျိုးပေါ့၊ ဈေးကွက်ထဲမှာ နည်းနည်းလေး ရိုက်ခတ်မှုတော့ ဖြစ်သွားမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဆန်၊စပါး သိုလှောင်မှုတွေကို မှတ်ပုံတင်လျှောက်ခိုင်းတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ရာမှာ ပိုမိုရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါသေးတယ်။

အခုလို ဆန်၊စပါး သိုလှောင်သူတွေကို မှတ်ပုံတင် လျှောက်ထားခိုင်းတာဟာ ပြည်တွင်းမှာ ဆန်၊စပါး လက်ကျန်ရှိမှု အခြေအနေကို သိရှိနိုင်ဖို့အတွက် ဖြစ်သလို ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပတင်ပို့နိုင်မှု အခြေအနေတွေကိုလည်း တွက်ဆနိုင်ဖို့လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဆန်၊ စပါး လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ အခုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကို သံလွင်တိုင်းမ်က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။

ပြည်တွင်း ဆန်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ပွဲတော် မတိုင်ခင်က ပေါ်ဆန်းမွှေး (၁၀၈) ပေါင် တစ်အိတ်ကို ကျပ်(၇၀၀၀၀) ဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ် (၈၄၀၀၀) ဝန်းကျင်အထိ မြင့်တက်လာသလို တခြားဆန်အမျိုးအစားတွေမှာလည်း ကျပ် (၁၀၀၀၀) ကနေ (၁၅၀၀၀) ဝန်းကျင်အထိ မြင့်တက်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.