နေပြည်တော် – မေ(၁၅)

အားပြင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ ဟာ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ပြီး ဖြစ်တဲ့အတွက် အစိမ်းရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့အနီးက ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းဟာ ကချင် ပြည်နယ် ဗန်းမော်မြို့အနီးက အရှေ့-အရှေ့မြောက်ယွန်းယွန်းကို ရွေ့လျားခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်မှာ မုန်တိုင်းငယ် (Depression) အဖြစ်အားလျော့သွားပြီဖြစ်တယ်လို့ ဆိုထားတာပါ။

နောက်(၃) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ် တဖြည်းဖြည်း အား လျော့သွားမှာဖြစ်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်မှာတော့ မုန်တိုင်းဟာ မြန်မာနိုင်ငံကို ဖြတ်ကျော်သွားပြီဖြစ်ပေမယ့် မုန်တိုင်း အကြွင်း အကျန် တိမ်တိုက်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီမိုင် (၃၀) နဲ့ တိုက်ခတ်နိုင်တယ်လို့ အသိပေးထားပါတယ်။

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့် ဒေသအနီးမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမှု အန္တရာယ် သတိထားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- မိုးဇလ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.