ကော်သူးလေ၊ မေ(၁၄)
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ဧပြီလတစ်လအတွင်း စစ်ကောင် စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် အ ရပ်သားပြည်သူလူထု ၇၀ ကျော် ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ပါတယ်။
KNU အုပ်ချုပ်နယ်မြေ ကော်သူးလေနယ်မြေထဲမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးချဲ့ လုပ်ဆောင်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကျူးလွန်လျက်ရှိရာ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားပေါင်း ၁၁ ခုကို အကြိမ်ရေ ၃၁၀ ကြိမ်ထက်မနည်းကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ကျေးရွာတွေနဲ့ လုပ်ငန်းခွင်ထဲကို လေ ကြောင်း တိုက်ခိုက်မှုပေါင်း ၄၄ ကြိမ် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အဦး၊ ဘုန်ကြီးကျောင်း၊ ဘုရားကျောင်းနဲ့ စာသင်ကျောင်း ၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကျေးရွာထဲနဲ့ လုပ်ငန်းခွင်ထဲ ပစ်ခတ်တိုက်ခိုက်မှု ၂၄၃ ကြိမ်ရှိခဲ့ရာ နေအိမ် ၁၅၀ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၇ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ပြည်သူအပေါ် အကြောင်းမဲ့သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၄ ဦး သေ ဆုံးရပြီး ၁ ဦး ဒဏ်ရာရရှိသွားခဲ့သလို စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်း နင်းမိတဲ့အတွက် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ ၁၆ ဦးကို ဖမ်းဆီးပြီး ၂ ဦးမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရကာ ၂ ဦးကိုလည်း ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ခြိမ်းခြောက်တာ၊ စစ်ကြောင်းထိုးဝင်ရောက်လာစဉ်အချိန်အ တွင်း ကျေးရွာ ၇ ရွာက နေအိမ် ၇၄ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၅ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂ လုံးကိုလည်း အကြောင်းမဲ့ဖျက်ဆီးခဲ့သလို ပြည်သူ ၅ ဦးဆီကနေ ဥစ္စာပစ္စည်းတွေကို အတင်းအဓမ္မယူဆောင်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU