ပြန်ရေး၊ မေ(၁၄)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ဝါပသဲကျေးရွာနဲ့ PDF တပ်စခန်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေယာဉ်နဲ့အဆက်မပြတ် ကင်းထောက်တာတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်၊ ၈ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု ဝါပသဲကျေးရွာအနီးရှိ PDF စခန်းတစ်ခုနဲ့ ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုတွေပြီးနောက် စစ်ကောင်စီတပ်ဟာ နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ကင်းထောက်တာတွေ ထပ်မံ လုပ်ဆောင်လာသလို တစ်ရက်လျှင်အနည်ဆုံး ၅ ကြိမ်ထက်မနည်း ကင်းထောက်တာတွေ ရှိနေတယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်နဲ့ကင်းထောက်မှုကြောင့် ရေးမြောက်ပိုင်းကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စိုးရိမ်မှုတွေမြင့်တက်နေပြီး အများစုက နေရာပြောင်းရွှေ့နေထိုင်နေကြသလို ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်း စခန်းစွန့်ပြီး ရွှေ့ပြောင်းနေထိုင်တာတွေ ရှိနေတာပါ။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတစ်ချို့ မီးလောင်ပျက်စီးဆုံးရှုံးသွားရသလို အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF စခန်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရေးမြို့နယ်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြား လှုပ်ရှားနေတဲ့ နယ်မြေဖြစ်သလို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဗဟိုဌာနချုပ်တည်ရှိရာဒေသလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU