ရန်ကုန်၊ မေ(၁၄)

စစ်ရေးပဋိပက္ခတွေနဲ့အတူ အဘက်ဘက်ကနေ အကျပ်အတည်းဆိုက်ရောက်လာတဲ့ မြန်မာ့အရေး ပြေလည်အောင်ဖြေရှင်းဖို့နဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံပွဲဖြစ်ဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အလုပ်မဖြစ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်ပြီး နိုင်ငံ့အာဏာသိမ်းယူတဲ့နှစ်မှာ ခေါ်ယူခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း ဒီကနေ့အထိ စစ်ကောင်စီဘက်က ဘာတစ်ခုမှ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုကိုယ်တိုင် အဲဒီဘုံသဘောတူညီချက် ၅ ရပ်ပါ ငြိမ်းချမ်းရေးကိစ္စ အကောင်အထည်ဖော်ရာမှာ မြန်မာစစ်တပ်က တိုးတက်မှုရှိအောင် တစ်စုံတစ် ရာ ပြုလုပ်ထားတာမရှိဘူးလို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ခံပြောဆိုခဲ့တာပါ။

အဲဒီအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှုပုံစံမျိုးစုံနဲ့ အင်အားသုံးနေတာတွေ ချက်ချင်းရပ်ဆိုင်းပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ လုံခြုံစွာအချိန်မီပေးပို့နိုင်ရေး ဖန်တီးပေးဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံအဆင့်တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ အာဆီယံက တောင်းဆိုခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီနှစ်နှစ်ကျော်အတွင်း အာဆီယံအနေနဲ့ ဘုံသ ဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို နောက်ဆုံးအချိန် သတ်မှတ်ပေးတာမရှိသလို မြန်မာ့အရေးမှာ ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူးလို့ ထောက်ပြပါတယ်။

“အနည်းဆုံး ဒီဟာအကောင်အထည်ဖော်ဖို့အတွက် နောက်ဆုံးအချိန်ဇယား ရာဇသံပေးတာ စစ်ကောင်စီကို ထုတ်ပယ်တာစသဖြင့် ဘာမှတိတိကျကျ လုပ်လာတာမရှိပါဘူး။ အဲဒီလိုလုပ်လာတာမရှိတဲ့အတွင်းမှာ အာဆီယံမူ၅ ချက် ပြောင်းပြန်စစ်ကောင်စီကလုပ်နေတာ။ အဲဒါကို အာဆီယံလည်း ဘာမှမတတ်နိုင်ဘူး။ ကျွန်တော်မြင်တာ အဲဒါပဲ၊ အခုတစ်ခေါက် ဆွေးနွေးပွဲလည်း ဘာမှမည်မည်ရရ တိတိကျကျ ဆုံးဖြတ်နိုင်တာမရှိပါဘူး။ အခုတစ်ခါ ပြောလာတဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲဆိုတာ ဖြစ်မှာလည်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထောင်တောင် အနှစ် ၃၀ ကျနေပြီ။ ဒီအပေါ်မှာ အာဆီယံဘာဆက်လုပ်မှာလဲဆိုတဲ့ကိစ္စက မေးစရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ခွဲလုံး ဘာမှအလုပ်မဖြစ်ခဲ့သလို အခုလည်းမဖြစ်ပါဘူး”လို့ သူက ဆိုပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်မှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာ အစုအဖွဲ့ တွေကြားမှာ ညှိနှိုင်းဆွေးနွေးဖို့၊ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်ကို ညှိနှိုင်းဆွေးနွေးမှုတွေမှာ ကြားဝင် ဆောင်ရွက်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့စတဲ့အ ချက်တွေ ပါဝင်ပါတယ်။

၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မေ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ လဘွန်း ဘာဂျိုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အရင်အစည်းအဝေးမှာလိုမျိုး စစ်ကောင်စီဘက်က ခေါင်းဆောင်ကို နိုင်ငံရေးအရ တက်ရောက်ခွင့်မပြုဘဲ ချန်လှပ်ထားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) ကလည်း အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကို မတက်ဖို့ ဖယ်ထားတာဟာ အလုပ်ဖြစ်နိုင်ချေရှိတဲ့ ဆုံးဖြတ်ချက်အသစ်ချမှတ်ဖို့ မဖြစ်နိုင်ဘဲ ဖြစ်သွားတယ်လို့ သုံးသပ်ပါတယ်။

“သူတို့က (အာဆီယံ) နစကကိုလည်း အစည်းအဝေးမတက်ဖို့ ဖယ်ထားလိုက်တဲ့အခါကျတော့ နောက် ထပ်ဒီဟာကို ပြင်ဆင်တဲ့အလုပ်ဖြစ်နိုင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ချဖို့လည်း မလွယ်ဘူးဖြစ်သွားတာပေါ့ ။ နစကမပါဘူးဆိုတဲ့အခါကျတော့ သူသဘောတူမယ့် အလုပ်ဖြစ်နိုင်ခြေရှိတဲ့ နောက်ထပ်ဆုံးဖြတ် ချက်အသစ်တစ်ရပ် ချဖို့မဖြစ်နိုင်ဘူး ဖြစ်သွားတာပေါ့။ ဒီလိုအနေအထားမှာ သူတို့ကအာဆီယံဥက္ကဌတစ်ယောက်ပြောင်းရင် တစ်နည်းကြိုးစားကြည့်မယ်။ ဒီလိုနဲ့ပဲ ‘ပိုးသာကုန် မောင်ပုံ စောင်းမတတ်’ ဆိုတာမျိုးဖြစ်မှာပေါ့၊ အဲဒီအခြေအနေပဲ ရောက်မှာပါ”လို့ သူက ဆိုပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်တပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဆီယံနဲ့တွေ့ဆုံစဉ် စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေတာမျိုးတွေ နောက်နောင်မဖြစ်ဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကလက်နက်အားကိုးပြီး အာဏာ သိမ်းတဲ့ဖြစ်ရပ်မျိုး ထပ်မဖြစ်ဖို့ အဓိကဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ အာဆီယံဘက်က အားလုံးတွေ့ဆုံဆွေးနွေးဖို့ ယူဆထားပေမယ့် စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုဘက်ကရော လူထုအတွင်းမှာရော လုံးဝလက်မခံချင်တဲ့ သဘောမျိုးရှိနေတဲ့အတွက် အချိန်တစ်ခုထိယူရဦးမယ့် သဘောလို့ သုံး သပ်ပါတယ်။

“တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်လိုမျိုး သူတို့ (အာဆီယံ) ယူဆထားကြတယ်။ ဒါပေမယ့်ခက်တာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ တော်လှန်ရေးဘက်မှာ ရှိနေတဲ့သူတွေက ပြည်သူလူထုအတွင်းမှာရောက တွေ့ဆုံဆွေးနွေးရေးကို လုံးဝလက်မခံချင်ဘူးဆိုတဲ့ သဘောမျိုး ပြောနေကြတယ်၊ ရပ်တည်နေကြတယ်၊ ဆောင်ရွက်နေကြတယ်ဆိုတာ တွေ့ရတယ်။ အဲဒါကြောင့် ပြည်တွင်းရဲ့ လိုလားချက်အတိုင်း အဖြေရှာမှုပုံစံနဲ့ ပြည်ပအာဆီယံအနေနဲ့အဖြေရှာပြီး ပြေလည်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းနဲ့က အခုလောလောဆယ် သဘောထားချင်း မတိုက်ဆိုင်ဘူး။ အဲဒီအတွက်ကြောင့် နှစ်ခုကြားကွာဟမှုကို နားလည်မှုတည်ဆောက်ပြီး ဒီဘက်မှာ တစ်ဖက်ဖက်ကို လက်ခံလာအောင်လုပ်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိတော့ ယူရဦးမယ့်သဘောရှိတယ်”လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ အခုနှစ်အတွင်း အလှည့် ကျဥက္ကဌ သုံးဆက်ပြောင်းလဲခဲ့ပြီး အင်ဒိုနီးရှားအလှည့်ကျ ဥက္ကဌ ဖြစ်လာချိန်မှာတော့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ဒေသတွင်းအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တူညီတဲ့သဘောထား ချမှတ်နိုင်ခြင်းမရှိတဲ့ အခြေအနေမှာ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံကို မျှော်လင့်လို့မရသလို ပြေလည်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ -RTM News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.