ဘီးလင်း၊ မေ(၁၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာရှိ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်စခန်းကို မေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်စခန်းကို ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၄ ချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဗုံးသီးတွေဟာ စစ်ကောင်စီ BGF ပူးပေါင်းတပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ဒရုန်းလာရာလမ်းကြောင်းကို လိုက်လံပစ်ခတ်တာတွေ ရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုမရှိဘဲ ပြန်ဆုတ်လာနိုင်တယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်ရှိ မဲလံ BGF တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး BGF အရာရှိ ၂ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဘီးလင်းမြို့နယ်ထဲမှာတော့ အခုနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာ မရှိပေမယ့် ကျေးရွာတွေထဲကို မကြာခဏဆိုသလို လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.