ရန်ကုန်၊ မေ(၁၄)
အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါ အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သန်း မတည်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီနေ့မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေး အန္တရာယ်တုံ့ပြန်ရေးကော်မရှင်အစည်းအဝေးမှာ မိုခါအရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေနဲ့ ဆွေး နွေးပြီးနောက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အစည်းအဝေးမှာ ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက် ရန်ပုံငွေအမေရိကန် ဒေါ်လာတစ်သန်း မတည်ဆောင်ရွက်ဖို့၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေရဲ့ ၁၀ ရာခိုင်နှုန်း သုံးစွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
မိုးလေဝသသတင်းအပါအဝင် မုန်တိုင်းတုံ့ပြန်ရေးနဲ့ ပတ်သက်တဲ့သတင်းထုတ်ပြန်ရေးအတွက် သက် ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်မယ့် သတင်းတွေကို စိစစ်အတည်ပြုပြီး လူထုဆီအချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံတကာအကူအညီရရှိရေးနဲ့ NUG မူဝါဒကြေညာချက် ထုတ်ပြန်ရေးအတွက် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
မုန်တိုင်းအရေးပေါ်ကာလအတွင်း ပ.အ.ဖ၊ပ.က.ဖ တွေအနေနဲ့လည်း အရေးပေါ်လုပ်ငန်းတွေမှာ ဆက်သွယ်မှု မပြတ်တောက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ရေး အချိန်နဲ့တပြေးညီ ညွှန်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အစည်းအဝေးကို NUG လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အစိုးရ အဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -NUG