ကနီ ၊ မေ (၁၄)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၂ ရက်ဆက်တိုက် မိုး သည်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံထောင်ကျော် မိုးရေထဲဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မိုးရေကြောင့် မြစ်ရေတော့ နည်းနည်းတိုးတယ်၊ချောင်းရေကျတယ်။ ဒါပေမယ့် လူနေအိမ်အထိ ရေလျှံတာမရှိဘူး။ တစ်ခုရှိတာက မိုးရွာတော့ မုန်တိုင်းဒဏ်ခံနေရတဲ့ကြားက စစ်ကြောင်းထိုးနေတော့ စစ်ရှောင်တွေ အတော်ဒုက္ခရောက်တယ်၊ တောထဲရှောင်တာရော၊ တစ်ခြားရွာတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရှောင်တာရှိတယ်”လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်၊စစ်တွေမြို့ကို ဦးတည်လာနေတဲ့ မိုခါမုန်တိုင်းကြောင့် ကနီမြို့နယ်မှာ မေ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တို့မှာ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းနေတာ ဖြစ်ပါတယ်။
ဒီအပေါ်မှာ စစ်ကိုင်းတိုင်းက စစ်ကောင်စီအဖွဲ့ဝင်တွေ မုန်တိုင်းသတိပေးချက်တွေ နှိုးဆော်တာ မရှိသလို မုန် တိုင်းဝင်ရောက်လာရင် ပြောင်းရွှေ့ခိုလှုံမယ့်နေရာတွေလည်း မစီစဉ်ပေးထားဘူးလို့ ဒေသခံက ဆိုပါတယ်။
မုန်တိုင်းဝင်ရောက်လာခဲ့ရင် ရေကြီးရေလျှံတာ၊လေပြင်းတိုက်တာတွေစတဲ့ နောက်ဆက်တွဲအခြေအနေတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သက်ကြီးရွယ်အိုတွေကို ရွှေ့ပြောင်းဖို့ အဆင်သင့်ရှိနေပြီး ဒေသခံအချင်းချင်း ကူညီနေရတာလို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကနီမြို့ အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေး ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာနေတာကြောင့် ကျေးရွာအုပ်စု ၅ စုက ဒေသခံပြည်သူ ၁၃၀၀ ကျော်ဟာ မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်အတွင်းရှိ တစ်ချို့ကျေးရွာတွေမှာလည်း ဒီကနေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတို့ လက်နက်ကြီးငယ်ပစ်ခတ် ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းရှိ စားစရာပစ္စည်းတွေကို အ ဓမ္မယူဆောင်ခဲ့ပါသေးတယ်။
ဒါ့အပြင် အင်းပတ်ကျေးရွာအတွင်းကိုလည်း လက်နက် ကြီးငယ်တွေနဲ့ ပစ်ခတ်ရာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရသလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၄၀၀၀ ကျော် မိုးရေထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ