ကော့ကရိတ်၊ မေ(၁၄)သဘာဝဘေးအန္တရာယ်နဲ့ ပြည်သူတွေရင်ဆိုင်နေရချိန် KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ တောင်ကြာအင်းကျေးရွာက ဒေသခံပြည်သူတွေ သွားလာအသုံးပြုနေတဲ့ လမ်းပိုင်းကို စစ်ကောင်စီ တပ်က ဒီကနေ့မနက်မှာ ဖျက်ဆီးပစ်လိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-မုဒုံကားလမ်း တောင်ကြာအင်းကျေးရွာရှိ တံတားအကျော်နေရာက လမ်းပိုင်း ကို ဒီကနေ့ မေလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ဘက်ဟိုးနဲ့ လာရောက်တူးဖော် ဖျက်ဆီးလိုက် တာဖြစ်ပြီး စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်တွေတချို့လည်း ထိခိုက်မှုရှိခဲ့ တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ဒေသခံပြည်သူတွေ အားထားအသုံးပြုနေရတဲ့လမ်းပိုင်းကို ဒီလိုဖျက်ဆီးလိုက်တာဟာ သူတို့အပေါ် တော်လှန် ရေး ပူးပေါင်းတပ်တွေက လွယ်ကူလျင်မြန်စွာ လာရောက်မတိုက်ခိုက်နိုင်ဖို့သာမက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့နဲ့ ပြည်သူအပေါ်ကို ရန်တိုက်ပေးဖို့ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ကားနဲ့လာပြီး ဗြုန်းကနဲ ပစ်မရအောင်လို့ အဓိကအဲဒီလိုလုပ်တာဗျာ။ ကျုံဒိုးကိုဥပမာယူပြီးတော့ သူတို့အဲဒီလိုလုပ်တာ။ သူတို့ဟိုဘက်ရော၊ ဒီဘက်ရော ညှပ်ပိတ်ခံရမှာစိုးလို့။ အဓိကတော့ ပြည်သူနဲ့ ကျွန် တော်တို့ကို ရန်တိုက်ပေးတာ။ ပြည်သူတွေဆီက ထောက်ခံချက်မရနိုင်အောင် ကျွန်တော်တို့ကိုလုပ်တာ။ ပြည်သူတွေကို အမြင်စောင်းအောင် ကျွန်တော်တို့ကို တဖက်လှည့်နဲ့ထိုးတာပေါ့ဗျာ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တောင်ကြာအင်းကျေးရွာလမ်းအပြင် ကော့ကရိတ်မြို့ အဝင်အထွက်နေရာတွေ ဖြစ်ကြတဲ့ ကော့ကရိတ်-ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းကျေးရွာလမ်းတွေကို မနေ့ မေလ ၁၃ ရက်နေ့ ညနေပိုင်းက ဖျက်ဆီး လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုကျေးရွာနေ ဒေသခံပြည်သူလူထုတွေ သွားလာအသုံးပြုနေတဲ့ ကားလမ်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးပစ်လိုက်တဲ့အတွက် အဲဒီဒေသအတွင်းရှိ ပြည်သူလူထုတွေအတွက် အခက်အခဲဒုက္ခတွေ ဖြစ်ပေါ်စေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.