မော်လမြိုင် – မေ(၁၃)

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ ပြည်တွင်းကို ဖြတ်ကျော်ဝင်ရောက်နေချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုးတုံမြို့၊ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း ဘုရားထီးတင်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ဒီနေ့ မေလ(၁၃) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ဟာ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်းလှူပူဇော်တာ၊ ရွှေထီးတော် အထွတ်တင်အောင်ပွဲနဲ့ ဗုဒ္ဓဘိသေက အနေကဇာတင် မဟာ မင်္ဂလာ အခမ်းအနားတက်ရောက်နေတာပါ။

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို လာမယ့် တနင်္ဂနွေနေ့ မေလ(၁၄) ရက်နေ့ နေ့လည်ပိုင်းမှာ စစ်တွေမြို့အနီးက အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ (၁၀၅) မိုင်ကနေ (၁၁၅)မိုင်နဲ့ ဖြတ်သန်း ဝင်ရောက်မှာ ဖြစ်တယ်လို့ မိုလေဝသ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

မုန်တိုင်းဝင်ရောက်ချိန်အတွင်း ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းတွေက အရေးပေါ်ကယ်ဆယ်ရေး အတွက် ကြိုးပမ်းနေချိန်မှာ တိုင်းပြည်အာဏာကို လုယူထားတဲ့ စစ်ခေါင်းဆောင်ကတော့ အေးအေးလူလူ ဘုရားတည်နေတဲ့အတွက် ပြည်သူတွေကြားဝေဖန်မှုတွေရှိနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က မုန်တိုင်းဒဏ်အများဆုံးခံရနိုင်တယ်လို့ ခန့်မှန်းထားတဲ့ ရခိုင် ပြည်နယ်နဲ့ အနီးအနားဒေသတွေက လူဦးရေ (၄) သိန်းကျော်အတွက် တစ်လကြာတဲ့အထိ လုံလောက်တဲ့ စားနပ်ရိက္ခာတွေကို စီစဉ်ထားပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးကော်မရှင်က ဒေါ်လာ(၁) သန်း မတည်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.