ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့“မေမေ့ရင်ခွင်”အဖွဲ့ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှား မှုမှာ ပါဝင်လာတဲ့ ရဲ၊ တပ်နဲ့ ဝန်ထမ်းတွေကို ကူညီလက်ခံပြီး ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတဲ့ CDM Support Team တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာကနေ ထွက်ခွာ လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ သက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းတွေကို ပို့ချပေးနေတာပါ။ “မေမေ့ရင်ခွင်”အဖွဲ့ထဲကိုတော့ ဧပြီလကစပြီး စစ်ကောင်စီတပ် နဲ့ရဲဘက်ကနေ CDM ပြုလုပ်တဲ့ တပ်ဖွဲ့ဝင်တွေ ပိုများလာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် CDM ပြုလုပ်လာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တပ်တွင်း အခြေအနေ၊ လတ်တလော ကူညီဆောင်ရွက်ပေး နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး “မေမေ့ရင်ခွင်”အဖွဲ့ တာဝန်ခံ ကိုမျိုးမြင့်အောင်နဲ့ ဆက်သွယ် မေးမြန်း ချက်။
-အရင်ဆုံး “မေမေ့ရင်ခွင်”အဖွဲ့ စတင်တည်ထောင်ဖြစ်တာနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်နဲ့တွေနဲ့ ပတ် သက်ပြီး ပြောပြပေးပါဦး။
အဓိက ကျွန်တော်တို့ စဖွဲ့ဖြစ်တာ ၂၀၂၂၊ လေးလပိုင်း ၁၇ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဒီအဖွဲ့လေးကို စတည်ထောင်ဖြစ်တယ်။ အဲဒီမတိုင်ခင်တည်းက ဒီဘက်ကိုရောက်တော့ ၃လပိုင်းလောက် ရောက်လာတယ်။ ကျွန်တော်တို့ ကိုယ်တိုင်အခက်အခဲတွေ ကြုံရတယ်။ တော်လှန်ရေးမှာ ပါဝင်သူတွေ အခက်အခဲမဖြစ်ဖို့ စပြီး ကူညီဖြစ်တယ်။ ကူညီတာတွေများရင်း လိုအပ်နေတဲ့ တပ်နယ် CDMတွေကို ကူညီတဲ့ အပိုင်းတွေလုပ်ဖြစ် တယ်။ ကျွန်တော်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်တော့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးတဲ့ ကိစ္စ တွေ လုပ်ဖြစ်ခဲ့တယ်။ မေမေရင်ခွင်က CDMထောက်ပံ့တာတွေလုပ်တယ် ဆိုပေမယ့် အဓိကတော့ တော်လှန် ရေးမှာပါဝင်လာတဲ့ ရဲဘော်ရဲဘက်တွေ အကုန်လုံး မည်သူ့ကိုမဆို ကူညီပေးနေတဲ့ အပိုင်းတွေလုပ်ဆောင်နေ ပါတယ်။ တပ်မတော်သားCDM တွေများများ ဝင်လာဖို့အတွက်က တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ဗျူဟာတစ် ရပ်အနေနဲ့ ဆောင်ရွက်နေပါတယ်။
-လက်ရှိ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်တပ်ကနေ CDM လုပ်လာတဲ့ အခြေအနေကဘယ်လိုရှိနေပါသလဲ။
၂၀၂၃ တစ်လပိုင်းအထိက CDMဝင်လာနှုန်းတွေ ရှိနေသေးတယ်။ နှစ်လပိုင်းနဲ့ သုံးလပိုင်းကျတော့ သူတို့က လုံခြုံရေးအရတွေရော အတွင်းထဲမှာ စည်းမျဉ်းတွေ အတော်တင်းကျပ်တယ်။ တပ်မတော်နေ့အခမ်းအနား တွေအတွက် တပ်မတော်သားတွေက လေ့ကျင့်ရေးဝင်ရတာတွေ ရှိတယ်။ လုံခြုံရေးအရ တင်းကျပ်တာတွေ ရှိတယ်။ ၂လပိုင်းနဲ့ ၃လပိုင်းမှာ နည်းသွားတယ်။ အခုလေးလပိုင်းမှာ တော်တော်လေးကို ပြုံဆင်းလာတဲ့ အနေ အထားမျိုးတွေရှိတယ်။ ကျွန်တော်တို့ဆီမှာက လေးလပိုင်းမတိုင်ခင်တည်းက ချိတ်ဆက်လာတယ်။ လေးလ ပိုင်းတည်းက ကျွန်တော်တို့ နေ့စဉ်ဖြေနေရတာတွေ ရှိတယ်။ ဒီဘက်ကို CDMလုပ်လာဖို့ တိုင်ပင်တာတွေ၊ ဆွေးနွေးတာတွေ ရှိတယ်။ သူတို့အခက်အခဲတွေ တင်ပြပြီး ဆက်သွယ်အကူအညီ တောင်းလာတဲ့ အခြေအ နေမျိုးတွေ ရှိပါတယ်။ လေးလပိုင်းသင်္ကြန်ပြီးမှာ CDMဝင်လာနှုန်း တိုးတက်လာတယ်။ သင်္ကြန်အပြီး တပ်က လွတ်လပ်ခွင့် ပေးလိုက်တဲ့အပေါ်မှာ တကယ် CDM ဝင်လာချင်သူက အသုံးချပြီး ဒီဘက်ကို ရောက်လာတာ။
-CDM ဝင်လာတဲ့ တပ်မတော်သားတွေက အမြင့်ဆုံးဘယ်လိုရာထူးကနေ အနိမ့်ဆုံးဘယ်လို ရာထူးတွေအထိ ပါဝင်ပါသလဲ။
အစုံပါပဲ။ အမြင့်ဆုံးရာထူးတွေကျတော့ ကျွန်တော်တို့ ပြောလိုက်ရင် သူ့ရဲ့ရာထူးကို ပြောလိုက်တာနဲ့ နာမည် တွေဘာတွေ ပြောစရာမလိုဘူး။ တပ်ဘက်က စစ်တပ်ဘက်က သိသွားနိုင်တဲ့ ရာထူးမျိုးတွေလည်း ရှိတယ်။ အကြမ်းဖျင်းများတဲ့နှုန်းကို ပြောလို့ရတယ်။ အဲဒါကတော့ ဗိုလ်ကြီးတွေ၊ စစ်ဆေးဆရာဝန်တွေ၊ အဲဒါမျိုးတွေ လည်း ပါပါတယ်။ အနိမ့်ဆုံးက တပ်မတော်သား အခြေခံရဲဘော်ကအစ တပ်သားကအစ ပါပါတယ်။တချို့ဆို ရှားရှားပါးပါးရာထူးတွေလည်း ရှိတယ်။ ကျွန်တော်တို့က သူ့ရာထူးကို ပြောလိုက်ရင် တပ်ဘက်က သိသွားနိုင် တယ်။ အဲဒါကြောင့်မို့ အမြင့်ဆုံးရာထူးကိုတော့ ကျွန်တော်ချန်ထားခဲ့ပါမယ်။
-သူတို့ဆီကရော တပ်တွင်းအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတွေ ကြားရတာရှိလဲ။
တပ်တွင်းထဲမှာရှိနေတဲ့ အခြေအနေက တော်တော်လေးဆိုးနေတာတွေ့ရတယ်။ စစ်တပ်တွင်းမှာက တပ်မ တော်သားတွေက တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ကြတော့ဘူး။ စည်းလုံးမှုကလည်း မရှိတော့ဘူး။ ညှာ တာမှုဆိုတာ တစ်ယောက်နဲ့တစ်ယောက် မရှိတော့ဘူး။ ရဲဘော်ရဲဖက်ဆိုတာ သူတို့ထဲမှာ တော်တော်များ များက ဘယ်သူက ဘာလဲဆိုတာ ခွဲခြားဖို့ တော်တော်ခက်သွားပြီ။ သူတို့အချင်းချင်းကို ယုံကြည်မှုတွေ မဲ့လာ တဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ တချို့လူတွေဆို ဒီဘက်ကလူတွေကိုတောင်မှ တိုင်ပင်ရဲသေးတယ်။ သူတို့တပ်တွင်းက လူအချင်းချင်းဆို သူတို့မတိုင်ပင်ရဲဘူး။ အဲဒီလိုအခြေအနေအထိကို ရှိကြတယ်။ ဒါက တ ဖက်က ထိုးစစ်တွေရော၊ PDFတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သူတို့အသက်အန္တရာယ်တွေ ရင်ဆိုင်လာရတဲ့ အပေါ် သူတို့ရဲ့ တစ်နေ့စာဖြတ်သန်းမှုအတွက် တပ်ကတာဝန်မယူနိုင်တဲ့အပေါ်မှာ တပ်က အဓိကစည်းရုံးနိုင် တာ မဟုတ်ဘူး။ ခြောက်လှန့်ထားတာ။ မင်းတို့ CDM လုပ်ရင် ဟိုဘက်က သတ်လိမ့်မယ်။ စကားလုံးတွေနဲ့ ခြောက်လှန့်ပြီးတော့ အပြင်မထွက်ရဲအောင် CDM မလုပ်ရဲအောင် လုပ်ထားတဲ့ အပိုင်းတွေ ရှိတယ်။ အပြင် ထွက်သွားရင် သွားလာလို့ အဆင်မပြေအောင်လို့ မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေကို သိမ်းထားတဲ့ အ ခြေအနေ ရှိတယ်။ တပ်ထဲကထွက်သွားရင် ဝေးဝေးလံလံသွားလို့ ခရီးသွားလို့ မရအောင် ထိန်းချုပ်ထားတဲ့ အခြေအနေမျိုးရှိတယ်။ အပြင်ထွက်မရအောင် နည်းမျိုးစုံနဲ့ ကန့်သတ်ထားတဲ့ အခြေအနေမျိုးရှိတယ်။
-အခုပြေးလာတဲ့ထဲမှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေများတယ်လို့ပြောတယ်။ ဒီအပေါ်မှာ ပြောပြပေးပါဦး။
စစ်သားအဖြစ် အတင်းအဓမ္မစည်းရုံးခံထားရတဲ့ သူတွေပါတယ်။ တချို့လူငယ်တွေ ညဘက်တွေမှာ အရက် သောက်ထားတယ်။ မူးနေရင် အလုပ်ရှိတယ်၊ လစာဘယ်လောက်ကောင်းတယ်ခေါ်သွားပြီး မနက်မိုးလင်းမှ တပ်သားစုဆောင်းရေးထဲ ရောက်နေတဲ့ လူမျိုးတွေလဲ တွေ့ရတယ်။ ပြစ်မှုကျူးလွန်ထားတဲ့ သူတွေကို ပြစ်မှုကပယ်ဖျက်ပေးမယ်ပေါ့၊ ဥပမာ- ကျွန်တော်တို့ တွေ့ထား တာဆိုရင် ရဲနဲ့ရန်ဖြစ်ထားတဲ့သူဆိုရင် တပ်ထဲဝင်ဆိုတဲ့ ပုံနဲ့ စည်းရုံးတာမျိုးတွေ ရှိတယ်။ အတင်းလိုက်လံစည်းရုံးတာမျိုးတွေ ဆိုရင် တပ်ထဲကနေ ထွက်ပြေးလာရတဲ့ တပ်မတော်သားဟောင်းတွေရဲ့ သားသမီးတွေလည်း ပါတယ်။ သူတို့ကို စစ်တပ်ထဲ အတင်းဝင်ခိုင်းတယ်။သူတို့ မဝင်ချင်ဘူး။ သူတို့အဖေတွေလည်း တလျှောက်လုံး လုပ်တာတယ်။ ဒီလိုနဲ့ ဒုက္ခတွေရောက်ပြီး ဘာအာမခံ ချက်မှမရှိဘူး။ သူကိုယ်တိုင်ကလည်း နွေဦးတော်လှန်ရေးမှာ ဆန္ဒပြတာတွေ လုပ်ခဲ့တယ်။ အထောက်အထားတွေလည်း ပါပါတယ်။ ဒါပေမယ့် သူ့ကို စစ်တပ်ထဲဝင်ခိုင်းလို့ဆိုပြီး ထွက်ပြေးလာရတဲ့ စစ်သား သားသမီးတွေလည်း ကျွန်တော်တို့ ဒီဘက်မှာ တွေ့ရပါတယ်။
-CDM ကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ရော ဘယ်လိုချိတ်ဆက်ဆောင်ရွက်မှုတွေရှိလဲ။
ကျွန်တော်တို့ အဖွဲ့က တစ်နှစ်ကျော်ကာလအတွင်းမှာ Nug နဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ အပိုင်းတွေက ကျွန်တော်တို့အဖွဲ့ရဲ့မူအရ တော်လှန်ရေးမှာ လုပ်လို့ရတဲ့ ကဏ္ဍတွေမှာ ကျွန်တော်တို့ လုပ်ဆောင်တယ်။ တပ်မတော်သားတွေရဲ့ အရေးကိစ္စမှ မဟုတ်ဘူး။ စစ်ရာဇဝတ်နဲ့ ပတ်သက်ပြီး မှတ်တမ်းတင်တဲ့ ကိစ္စတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရမယ့် အန္တရာယ်ရှိတဲ့သူတွေကို ကယ်ထုတ်တဲ့ အပိုင်းတွေပေါ့။ CDM ဝင်မယ့် တပ်မတော် သားတွေ ချိတ်ဆက်ကူညီပေးတာတေလုပ်သလို သုတေသနနဲ့ ပတ်သက်ပြီး စစ်တမ်းတွေ ကောက်ယူတာ တွေ၊ အချက်အလက်တွေ စုဆောင်းပြီး သက်ဆိုင်ရာဌာနတွေကို ပေးပို့တာတွေ ရှိတယ်။ တပ်မတော်သား တွေဆိုရင် CDM code ရရှိဖို့ NUG နဲ့ ချိတ်ဆက်တာတွေ ရှိတယ်။ ကိုယ့်ရဲ့ အစိုးရတစ်ရပ်အနေနဲ့ ကျွန်တော် တို့ဘက်က လုပ်နိုင်သလောက် လုပ်ပေးတယ်။ လက်ရှိလုပ်ဆောင်နေမှုတွေက ကျွန်တော်တို့ သူငယ်ချင်းတွေ စုထားတဲ့ငွေနဲ့ လည်ပတ်လုပ်ဆောင်နေရတဲ့ အပိုင်းရှိတယ်။ NUGရဲ့ဝန်ကြီးဌာနထဲက ဒေါက်တာဆာဆာ ကတော့ သူ့ရဲ့တတ်စွမ်းသမျှ ကျွန်တော်တို့ လိုအပ်ချက်ကိုနိုင်ရင် နိုင်သလောက် ကျွန်တော်တို့ကို ကူညီပေးနေ တာတွေ ရှိတယ်။
-CDM လုပ်လာတဲ့လူတွေကိုရော ဘယ်လိုစီစဉ်ပေးနေပါသလဲ။ ဘာတွေကူညီပေးနေပါသလဲ။
ကျွန်တော်တို့ ဘက်ကိုရောက်လာတယ်။ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ စိစစ်တယ်။ မှန်မမှန် ပေါ့။ ပြည်သူ့ရင်ခွင်တို့၊ ပြည်သူ့ပန်းတိုင်တို့၊ ပြည်သူ့သားကောင်းတို့နဲ့ ချိတ်ဆက်ပေးတဲ့ ကိစ္စမျိုးတွေလုပ်တယ်။ လက်နက်ပါလာရင် သူ့ရဲ့လက်နက်အမျိုးအစားနဲ့ ပတ်သက်ပြီးတော့ ဆုကြေးငွေတွေပေးမယ့် အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးတယ်။ သူတို့နေထိုင်ဖို့အတွက် SAFE HOUSE တွေရအောင် စီစဉ်ပေးတယ်။ ရိက္ခာတွေရဖို့ ချိတ်ဆက်ဆောင်ရွက်ပေးတယ်။ တတိယနိုင်ငံသွားဖို့ ဆန္ဒရှိရင် UNHCR လျှောက်ထားတဲ့ အပိုင်းတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ အဲဒါတွေ ချိတ်ဆက်ဆောင်ရွက်ပေးတယ်။ ဒီဘက်ရောက်လာရင် စားဝတ်နေ ရေးအတွက် ကျွန်တော်တို့ တာဝန်ယူပေးထားတယ်။ အလုပ်ထွက်လုပ်နိုင်ရင် အလုပ်တွေနဲ့ ကျွန်တော်တို့ ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။
-နောက်ဆုံးအနေနဲ့ ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
တပ်မတော်သား CDMတွေ၊ ရဲCDMတွေ အနေနဲ့ရော ဘာဖြစ်လို့ အခုမှ CDMဝင်ရတာလဲ ။အခုမှ သေမှာ ကြောက်လို့ CDMဝင်တာလား။ ရှုထောင့်ပေါင်းစုံက မြင်တဲ့အမြင်မျိုးတွေ ရှိကြပါတယ်။ တဖက်က တိုက်တဲ့လူ ကလည်း တိုက်ရမယ်။ ထွက်ပေါက်လည်း ပေးရပါမယ်။ တိုက်ပွဲတစ်ခုဖော်ဆောင်ရတာ အရမ်းကို အရင်းအနှီး ကြီးပါတယ်။ CDM တွေ အခန်းကဏ္ဍက အရေးကြီးတယ်။ တော်လှန်ရေးမှာ တိုက်တဲ့သူကတိုက်ရမယ်။ CDM ဝင်လာတဲ့အားတွေ၊ ပြည်သူရဲ့ပူးပေါင်းပါဝင်မှု ၊ နိုင်ငံတကာရဲ့ဖိအားတွေ ဒီလေးချက်ကို ကျွန်တော်တို့ ဟန် ချက်ညီညီလုပ်နိုင်မှ ဒီတော်လှန်ရေးက အောင်နိုင်မယ်။ ချောင်ပိတ်ရိုက်လိုက်ရင် ဟိုဘက်ကလည်း ပြန်ပြီး ကန်မှာပဲ။ သူတို့ကို ထွက်လမ်းတစ်ခု ဖွင့်ပေးထားရမယ်။ တိုက်စရာရှိတာလည်း တိုက်ရမယ်။ ပြည်သူတွေက လည်း ဝိုင်းရမယ်။ နိုင်ငံတကာဖိအားကလည်း ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ တော်လှန်ရေးက အမြန်ဆုံး သွေးထွက်သံယိုမှု အနည်းနိုင်ဆုံး မြန်မြန်အောင်မြင်နိုင်မယ်လို့ ကျွန်တော်တို့က ပြောချင်တယ်။ CDMတွေရဲ့ အခန်းကဏ္ဍကလည်း ဒေါက်တိုင်တစ်ခုနဲ့ ရှိနေတဲ့အတွက် အခုနောက်ပိုင်းမှာ CDM ဝင်လာသည် ဖြစ်စေ၊ နောက်ကျ ဝင်လာသည်ဖြစ်စေ ကျွန်တော်တို့က တတ်နိုင်သမျှ ကူညီပေးနေမယ်။ တစ်ခုရှိတာက NUGအစိုးရ က ကျွန်တော်တို့ အစိုးရဖြစ်တဲ့အတွက် NUG အစိုးရက CDMတွေ လက်မခံတော့ဘူး ရပ်ဆိုတဲ့နေ့ကတော့ ကျွန်တော်တို့က နောက်ထပ် CDM အသစ်တွေ ထပ်မံကူညီတာမျိုး မလုပ်တော့ပဲ လက်ရှိရှိပြီးသား CDMတွေ ကိုပဲ ကူညီတာတွေ ဆက်လုပ်သွားမယ်။