နေပြည်တော်၊ မေ(၁၃)

မည်သူမဆို ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ပြီး တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အနည်းဆုံးခြောက်လကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ဖြစ်စေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ လက်နက်ဥပဒေကို စစ်ကောင်စီက မေ ၁၁ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။

ဒီလက်နက်ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဌာန်းလိုက်တာဖြစ်ပြီး ၁၈၇၈ ခုနှစ်ကနေ ၁၉၂၄ ခုနှစ်အထိ ပြဌာန်းခဲ့တဲ့ လက်နက်အက်ဥပဒေနဲ့ အမိန့်တွေအားလုံးကို အခုဥပဒေနဲ့ ရုတ်သိမ်းတယ်လို့ ဖော်ပြပါတယ်။

အခန်း ၉ ခန်း ပုဒ်မ ၄၄ ခု ပါဝင်တဲ့ လက်နက်ဥပဒေဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တဲ့ လက်နက်ကိုင်ဆောင်မှုနဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေကို တားဆီး ကာကွယ်ဖို့နဲ့ တရားမဝင်ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာ၊ ပြည်ပကနေတင်သွင်းတာတွေစတဲ့ အချက်တွေကိုတားဆီးဖို့ ရည်ရွယ်ပြဌာန်းရတာလို့ ဆိုပါတယ်။

ဥပဒေမှာတော့ မည်သူမဆို နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ဖို့အကြံနဲ့ လက်နက်တစ်ခုခုကို သယ်ယူတာ၊ လက်ဝယ်ထားတာ၊ ကိုင်ဆောင်တာ မပြုလုပ်ရသလို နိုင်ငံတော်နစ်နစ်ဆုံးရှံးစေဖို့ ကြံရွယ်ချက်နဲ့ နိုင်ငံပိုင်လက်နက်ကို ဖျက်ဆီးတာမပြုရဘူးလို့ ဖော်ပြပါတယ်။

နိုင်ငံပိုင်လက်နက် ဒါမှမဟုတ် ဥပဒေအရကိုင်ဆောင်ခွင့်ရှိသူရဲ့ သေနတ်ဖြစ်စေ၊ ခဲယမ်းကိုဖြစ်စေ ခိုးယူတာ၊ ရောင်းချတာ၊ အခြားတစ်ယောက်ယောက်ကို လွှဲပြောင်းတာနဲ့ လုယူဖို့အားထုတ်တာတွေ မပြုရဘူးလို့ တားမြစ်ထားတာပါ။

ဒါ့အပြင် လက်နက်တစ်ခုခု တစ်ယောက်ယောက်ကို ဘေးဖြစ်စေတာ၊ ခြောက်လှန့်ရည်ရွယ်ပြီး အ များပြည်သူနဲ့ ဆိုင်တဲ့နေရာမှာ သယ်ယူကိုင်ဆောင်သွားလာတာနဲ့ လယ်ဝယ်ထားရှိပြီး ပြသတာမလုပ်ရဘူးလို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ဥပဒေနဲ့ဆန့်ကျင်ပြီး လက်နက်ကိုင်ဆောင်တာ၊ လက်ဝယ်ထားတာနဲ့ သယ်ယူတာတွေ တွေ့ရှိရင် အဲဒီလူကို ဘယ်သူမဆို ဖမ်းဆီးပြီး လက်နက်သိမ်းဆည်းတာတွေ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

လက်နက်ဥပဒေအရ မည်သူမဆို ဥပဒေမဲ့လက်နက်ကိုင်ဆောင်ပြီး တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အနည်းဆုံး ခြောက်လကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက် ဖြစ်စေ၊ သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းလိုက်ပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်တဲ့ အရပ်သားတွေအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုတွေ လျော့နည်းပပျောက်စေရေးနဲ့ လက်နက်ခဲယမ်းတွေကို တလွဲအသုံးပြုမှုတွေ မဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့အညီ လိုင်စင်လျှောက်ထားကြဖို့ မေ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – APL

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.