ညောင်လေးပင်၊ မေ(၁၃)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ညောင်ပင်သာကျေးရွာထဲမှာ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ Free Burma Rangers အဖွဲ့နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KRHG ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ KNU-ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းရှိ ညောင်ပင်သာကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် အရပ်သားပြည်သူတွေကို အစုံအလိုက်အပြုံအလိုက် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Free Burma Rangers အဖွဲ့ကတော့ အသက် ၁၀ နှစ်အောက် ကလေး ၇ ဦး အပါအဝင် အရပ်သားပြည်သူ ၁၇ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ ဒီကနေ့ မေလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ ပြောဆိုချက်အရ ညောင်ပင်သာကျေးရွာမှာ ဒေသခံပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့ပြီး တခြားပတ်ဝန်းကျင် အနီးအနားနေရာတွေမှာလည်း သတ်ဖြတ်ခံရတဲ့ အနေအထားတွေ ရှိနိုင်တဲ့အတွက် သေဆုံးသူဦးရေက ၁၉ ဦးထက်မက များပြားနိုင်တယ်လို့ ဆိုပါတယ်။
“အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုစဉ်က ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှ ဖြစ်ခဲ့တာပေါ့။ ဒါဆိုလို့ ရှိရင် ကျွန်တော်တို့ ကရင်ပြည်နယ်မှာက မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဖြစ်စဉ်ပဲဖြစ်တယ်။ စစ်ကောင်စီဟာ ဒီလိုမျိုးတိုက်ခိုက်ခံရတဲ့ အချိန်မှာသော်လည်းကောင်း၊ တိုက်ပွဲဖြစ်ပွားပြီးတဲ့ အချိန်မှာသော်လည်းကောင်း လက်တုန့်ပြန်တဲ့အနေနဲ့ အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ၊ ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေက မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတယ်။ ထို့နည်းအတူ ကျေးရွာတွေကိုလည်း ရွာလုံးကျွတ်မီးရှို့တာတွေ ရှိတယ်။ ပိတ်ဆို့ဖျက်ဆီးတာတွေ ရှိတယ်။ ဒါစစ်ကောင်စီတွေရဲ့ လုပ်နေကြပြစ်မှုတစ်ခုဖြစ်တယ်ပေါ့။ ဒါတွေက ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်ပေါ့နော်။ အထူးသဖြင့် အသက်ရှင်သန်ခွင့်၊ ဘေးကင်းလုံခြုံခွင့်ကို ချိုးဖောက်ရာရောက်သလိုမျိုး စစ်ရာဇဝတ်မှုလည်းမြောက်တယ်၊ နောက်နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုတွေကိုလည်း ကျူးလွန်ရာရောက်တယ်ပေါ့။ ဒီလိုကျူးလွန်မှုတွေအရဆိုရင် ဒါအရေးယူမှုရှိဖို့ အတွက် သက်ဆိုင်ရာတွေကနေပြီးတော့မှ လုပ်ဆောင်ရမယ်” လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။
တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မေ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ထန်းတပင်ကျေးရွာအစပ် ညောင်ပင်သာကျေးရွာမှာ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က စစ် ကောင်စီတပ်ကို KNU PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ နှစ်ဖက်ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ကလေး ၅ ဦးအပါအဝင် ပြည်သူ ၁၈ ဦးကို ခေါင်းဖြတ် မီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသတွင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ထန်းပင်မြို့နယ် ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီး KNU PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား မေ ၁၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တဲ့အတွက် ကျေးရွာနေ ပြည်သူတွေကို မီးရှို့သတ် ဖြတ်သွားခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကြောင်းထိုးဝင် ရောက်လာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ဖမ်း ဆီးတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လူသားဒိုင်းအဖြစ် အသုံးချတာစတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို အပြင်းအထန်ပြုလုပ်ဆောင်ရွက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း မကြာခဏလုပ်ဆောင်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့