ဝေါ၊ မေ(၁၃)

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီး ၁၅ ရက်အတွင်း စစ်ကောင် စီကနေ အရပ်သားပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေသလို အများစုဟာ လက်ရှိအချိန်အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညောင်ခါးရှည်ရဲစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ဧပြီ ၂၈ ရက်ကနေ မေလ ၁၁ ရက်နေ့အတွင်း ကဒွတ်၊ ကျုံပါ၊ ညောင်ခါးရှည်၊ ဖိုးစပါယ်ကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီး ၅၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။

ဒေသခံတစ်ဦးကတော့ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အရပ် သားတွေကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးနေသလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း NLD ပါတီဝင် ၅ ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံတွေထဲမှာ ကျုံပါကျေးရွာနေ ဦးမြသိန်းဟာ စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ဝေါမြို့မရဲစခန်း၊ ဘုရားကြီးအမြောက်တပ်တို့မှာ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတာပါ။ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားသူတွေထံကနေ ငွေကျပ်သိန်း ၁၀နဲ့ချီ တောင်းခံတာတွေ ရှိနေပြီး မပေးနိုင်တဲ့သူတွေကို အကြမ်းဖက်ပုဒ်မတွေ တပ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.