ရန်ကုန် – မေ(၁၂)
ရန်ကုန်တိုင်းဝန်ကြီးချုပ် ရုံးထိုင်တဲ့ စစ်ကောင်စီ တိုင်းအစိုးရအဖွဲ့ရုံးကို ၄၀ -မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မေလ(၁၂) ရက်နေ့ မနက်အစောပိုင်းက ၄၀-မမ ဗုံးသီးနဲ့ အနောက်ပိုင်းခရိုင် ပ.က.ဖ၊ တပ်ရင်း တပ်ခွဲ(၁) နဲ့ စမ်းချောင်း ပ.က.ဖ တို့ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
စစ်ကောင်စီဘက်က ပစ်ခတ်ခံရပြီးနောက် အနီးအနားပတ်ဝန်းကျင်ကို စစ်ဆေးတာတွေ လုပ်ဆောင် ထားသလို လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ အလုံမြို့ခံတွေကဆိုပါတယ်။
“ပစ်ခတ်ခံရတာဟုတ်တယ်။ လောလောဆယ်တော့ ဘာမှပြောလို့မရသေးဘူး။ လုံခြုံရေးပိုတင်းကျပ် ထားတယ်” လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှု အခြေအနေ အသေးစိတ် ကိုမသိရသေးပါဘူး။
ရန်ကုန်မြို့ခံတွေကတော့ စစ်ကောင်စီရဲ့ အဓိက နေရာဖြစ်တဲ့ တိုင်းရုံးကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက်ကြောင်းရေးသားထားတာတွေရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး