ရန်ကုန်၊ မေ(၁၂)

လာမယ့်မေလ ၁၄ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်မယ့် အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူလူထုတွေဟာ မုန်တိုင်းအန္တရာယ်အတွက် စိုးရိမ်ပူပန်မြင့်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုခါမုန်တိုင်းဟာ မေ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားမြို့နဲ့ မြန်မာ နိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေ ကျောက်ဖြူမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မိုခါဆိုင်ကလုံးမုန်တိုင်းဟာ မုန်တိုင်းဝန်းကျယ်ပြန့်လာတာနဲ့အမျှ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းကနေ ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်းအထိ မုန်တိုင်းအန္တရာယ်ရှိနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်တယ်လို့ မိုးလေဝသပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ်စုစုစံကလည်း သတိ ပေးထားပါတယ်။

မုန်တိုင်းအခြေအနေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေ သဘာဝဘေးအန္တရာယ်ကနေ ကြိုတင်ရှောင်ရှားနိုင်ဖို့ မေလဒုတိယအပတ်အစောပိုင်းကတည်းက မိုးလေဝသဆိုင်ရာလူမှုပလက်ဖောင်းတွေကနေ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားဖြစ်ပါတယ်။

မိုခါမုန်တိုင်း အဓိကဖြတ်သန်းတိုက်ခတ်နိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံတွေအနေနဲ့ စစ်ကောင်စီ ပြည်နယ်အစိုးရက အခုအချိန်ထိမုန်တိုင်းဆိုင်ရာ တိကျသေချာတဲ့ ကယ်ဆယ်ရေး ကြိုတင်ပြင်ဆင်လုပ်ဆောင်မှုတွေကို မပြောကြားသေးတာကြောင့် စိုးရိမ်မှုတွေမြင့်တက်လာနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပွင့်လင်းမြင်သာစွာ အသိပေးထားခြင်းမရှိသလို မေ ၁၁ ရက် မွန်းလွဲ ၁ နာရီအချိန်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ မုန် တိုင်းဘေးအရေး ပေါ်တုံ့ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနနဲ့ တိုင်းဒေသကြီး၊ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ လုပ် ငန်းညှိနှိုင်း အစည်းအဝေးအပြီးမှာလည်း ရခိုင်ပြည်နယ်အတွက် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေ ဘယ်လိုလုပ်ဆောင်ထားတယ်ဆိုတာကိုလည်း စစ်ကောင်စီဘက်က အသေးစိတ်မထုတ်ပြန်သေးပါဘူး။

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၉ သိန်းကျော်နဲ့ နိုင်ငံတဝန်းက ပြည်သူ ၁ သန်းကျော်ဟာ အားပြင်းတဲ့မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့သဘာဝဘေး သတိ ပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်(GDACS) က မေ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -ABN News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.