ညောင်လေးပင်၊ မေ(၁၂)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာ သင်ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အဦးပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၉ ရက်နေ့မှာ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ် ပိုးလိုနိုင်ဖို့းကျေးရွာက နေအိမ်၂ လုံးနဲ့ လယ်ဝိုင်းကြီးကျေးရွာက နေအိမ် ၄၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၁ ကျောင်း၊ ဘုံပစ္စည်းထားရာနေရာ အဆောက်အဦးတွေအားလုံးကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မေ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က KNU မုန်းမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသနေပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁၈ လုံး မီ းလောင်ပြာကျသွားခဲ့ရပြီး မီးလောင်နေတဲ့ နေအိမ်တွေကို ကျေးရွာပြည်သူတွေက မီးငြိမ်းသတ်ဖို့ ပြန်ခဲ့ကြပေမယ့် စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် မပြန်ရဲကြဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာ KNU ကျောက်ကြီးမြို့နယ် လယ်ဝိုင်းကြီးကျေးရွာနဲ့ ပိုးလိုနိုဖိုးကျေးရွာတွေက ဒေသခံပြည်သူ ၁၂၀၆ ဦး၊ မုန်းမြို့နယ် ရန်မျိုးအောင်ကျေးရွာထဲက ပြည်သူဦးရေ ၁၀၂၀ ဦး ရှိပြီး အဲဒီကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေအားလုံးဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး တွေ့ရာလူတွေကို ဖမ်းဆီးမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ဇွန်လအတွင်းက အခုအချိန်အထိ ရွာလုံးကျွတ်ထွက်ပြေးနေခဲ့ရကာ ကျေးရွာထဲကို ပြန်မနေရဲကြသေးဘူးလို့ ဆိုပါတယ်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ထားချက်အရ KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ဘေးရှောင်ပြည်သူလူထုဦးရေ ၁၄၂,၀၀၀ ကျော်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်