ကော့ကရိတ်၊ မေ(၁၀)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရှိရပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်နေသလို ပြီးခဲ့တဲ့ မေ ၅ ရက်နေ့က ကော့ကရိတ်မြို့အနီးရှိ ကမိုင်ကုန်းကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒ့ါအပြင် မေ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တတန်းကူကျေး ရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့ရာ တတန်ကူးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် တတန်ကူးကျေးရွာနဲ့ ကမိုင်ကုန်းကျေးရွာထဲက ဒေသခံပြည်သူတွေရဲ့ အိုးအိမ်အဆောက် အဦးပစ္စည်းတွေ ထိခိုက်ပျက်စီးတာ၊ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ အများအပြား လုပ်ဆောင်နေပြီး လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုတွေဟာလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ အခက်အခဲများစွာကြုံနေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။
KNU ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ထားချက်အရ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာ ဧပြီလတစ်လတာအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက် နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်း ၂၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦး၊ ဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦးပေါင်း ၄၀၇ လုံး ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံပြည်သူ ၂၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU