သရက်ချောင်း၊ မေ(၁၀)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာနဲ့ရငဲရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၈ ဦးကို ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မေ ၈ ရက်နေ့ မနက်ပိုင်း ဝဲရစ်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံရွာသားတွေဖြစ်တဲ့ ကိုမျိုးမြင့်လေးနဲ့ ကိုကမ်းကမ်းတို့ကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ မေ ၉ ရက်နေ့ မနက်ပိုင်းမှာပဲလည်း ရငဲကျေးရွာထဲ ထပ်မံဝင်ရောက်လာပြီး ဒေသခံရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ ဖမ်ဆီးသွားတဲ့ ဒေသခံ ၈ ဦးကို ကမြိုင်ကျေးရွာမှာ ယာယီတပ်စွဲပြီးနောက် ရိုက်နှက်စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရိုက်နှက်စစ်ဆေးမေးမြန်းခံရတာကြောင့် ဦးခေါင်း၊ ခြေလက်နဲ့ ခန္ဓာကိုယ်တွေမှာ အညိုမဲစွဲဒဏ်ရာတွေရရှိထားပြီး မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူ ပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။လက်ရှိမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဝဲရစ်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်းနဲ့ ကမြိုင်ရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်တာတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဝဲရစ်နဲ့ရငဲရွာတွေက ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ကျေ းရွာတွေကို စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ၂ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.