ရေး၊ မေ(၁၀)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ကို အခုမေလကစပြီး စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ပြုလုပ်လာတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တာဝန်ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ ည ၁၁ နာရီလောက်မှာ ရေးမြို့နယ်မြောက်ပိုင်း PDF စခန်းတစ်ခုကို လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ မနက် ၁၁ နာရီကျော်မှာလည်း ရေးမြို့နယ် မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု ဝါပသဲကျေးရွာကို လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတစ်ချို့ မီးလောင်ပျက်စီးဆုံးရှုံးသွားရသလို အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

PDF စခန်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ခံဗိုလ်ရန်နိုင်က ပြောပါတယ်။

“သတင်းပေါက်ကြားလို့ပဲ ဖြစ်မှာပေါ့၊ အဲဒီညက သူတို့လေယာဉ်နဲ့ လာကြဲသွားတယ်လေ။ ထိခိုက်မှုက ကျွန်တော်တို့ ရဲဘော် ၃ ယောက်ကျတယ်၊ ၄ ယောက်ဒဏ်ရာရတယ်။ မဖြစ်ခင်နှစ်ရက်လောက်မှာ ကင်းထောက်လေယာဉ်နဲ့ လာဝဲသွားတယ်၊ အကြာကြီးပဲ။ နောက်နေ့ (မေ ၈) လာပြီး ထပ်ကြဲသွားတယ်။ နောက်နေ့ကျတော့ ၁၁ နာရီ ၄၅ မိနစ်လောက်မှာ လာကြဲသွားတယ်။ ရွာသားတွေ ထိသွားတယ်လို့ ပြောသံကြားတယ်။ လေကြောင်းရန်ကာကွယ်ဖို့ကျ ကျွန်တော်တို့မှာ လောလောဆယ် ဘာမှမရှိဘူး၊ ဒါပေမယ့် အဓိကလုံခြုံမှုအတွက် ပြင်ဆင်ရမှာပေါ့” လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြား လှုပ်ရှားနေတဲ့ နယ်မြေဖြစ်သလို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဗဟိုဌာနချုပ်တည်ရှိရာဒေသလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာ တည်ရှိနေတဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအင်အားစု (MSRO) ဒုတိယ စစ်ရေးတာဝန်ခံတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းမှာ ဒရုန်းနဲ့ကင်းထောက်လေယာဉ်တွေ အသုံးပြုပြီး ထောက်လှမ်းနေတာရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့အဖွဲ့ကိုတော့ စစ်ကောင်စီကနေ ဒရုန်းကင်းတွေ၊ လေကြောင်းကင်းတွေနဲ့ လာပြီး ထောက်လှမ်းတာမျိုးတွေလည်း ရှိပါတယ်ခင်ဗျ။ လက်ရှိဖြစ်သွားတဲ့ ဖြစ်စဉ်အပေါ်မူတည်ပြီး ကျွန် တော်တို့အနေနဲ့ လေကြောင်းအန္တရာယ်ကာကွယ်နိုင်ဖို့ လေ့ကျင့်ရေးတွေ လုပ်နေပါတယ် ခင်ဗျ။ ဗုံးခိုကျင်းတွေလည်း တည်ဆောက်နေပါတယ် ခင်ဗျ”လို့ သူက ဆိုပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြား ဒီကနေ့အထိ တိုက်ပွဲကြီးကြီးမားမား မဖြစ်ပွားပေမယ့် ရဲစခန်းတွေ၊ ဂိတ်စခန်းတွေအပါအဝင် တပ်ရင်းတွေကို PDF တွေ ဝင်ရောက်တိုက်ခိုက်တာ အများအပြားရှိနေပြီး အခုအခါမှာတော့ စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှု ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနေတဲ့အတွက် ရေးမြို့နယ်အတွင်း လှုပ်ရှားနေကြတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ တည်နေရာနဲ့ လုံခြုံရေးပိုင်းတွေမှာ ပြင်ဆင်မှုတွေ တိုးမြှင့်ထားကြတယ်လို့ PDF တာဝန်ခံတွေက ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ “ အဓိကကတော့ ဝေဟင်ကင်းထောက်လေယာဉ်နဲ့ ဒရုန်းတွေကို ကျွန်တော်တို့ စခန်းတွေ မမြင်နိုင်အောင် Spot Ground Target (မြေပြင်ပစ်မှတ်တွေ) မရှာနိုင်အောင် ပြင်ဆင်ထားတာရှိတယ်။ နောက်ဒုတိယအချက်က ရန်သူသတင်းပေးတွေ စိမ့်မဝင်လာနိုင်အောင် စိစစ်မှုတွေ၊ တားမြစ်ဇုန်တွေ အဲဒါမျိုးတွေ ကျွန်တော်တို့ လုပ်ထားတာရှိတယ်။ အဲဒါအပြင် တစ်နေရာထဲမှာ စခန်းချတာမျိုး မလုပ်ထားဘူး၊ ဖြန့်ကျက်ပြီး ထားထားတာရှိတယ်။ ပြောင်းရွှေ့ပြီးတော့ လုပ်ထားတာရှိတယ်။ ဒီလို ကြိုတင်ပြင်ဆင်မှုအပိုင်းတွေတော့ ကျွန်တော်တို့ လုပ်ထားတာရှိတယ်”လို့ သူက ဆိုပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ၊ ဒုတိယခေါင်းဆာင် ကိုရဲမင်းကလည်း စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို တုံ့ပြန်ဖို့အခက်အခဲရှိတာကြောင့် လေကြောင်းရန်ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းအဖြစ် တည်နေရာစခန်းတွေကို ယာယီအဖြစ်သာ ထားရှိထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိရှိတဲ့ တည်နေရာစခန်းတွေကို ယာယီအဖြစ်ထားတာတို့၊ အမြဲတမ်းနေတဲ့နေရာကို ရှောင်ဖယ်ပြီး နေတာမျိုးတွေ အဲဒီလိုပဲ ပြင်ဆင်ထားတာရှိတယ်။ ပြန်လည်ခုခံတိုက်ခိုက်ဖို့ကျ ကျွန်တော်တို့တွေက လက်ရှိအနေအထားအထိ Local PDF အနေနဲ့ သွားနေတုန်းဆိုတော့ NUG ကနေပြီး ချိတ်ဆက်မှုတွေလည်း မရထားဘူး။ သူတို့ဆီက ချပေးတဲ့ PDF စစ်ကြောင်းတွေပေါ့ ကျွန် တော်တို့မှာ ကျားဖြူစစ်ကြောင်းရှိမယ်၊ တောင်ညိုစစ်ကြောင်းရှိမယ်။ ဒါတွေတောင်မှ NUG က ချပေးတဲ့ ချိတ်ဆက်မှုအားတွေက နည်းနေတုန်းပဲမို့ ပြန်လည်ခုခံဖို့ ကျွန်တော်တို့ Local ဘယ်လိုမှ အဆင်မပြေဘူး” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ရေးတိုက်ပွဲတွေမှာ အရေးနိမ့်လာနေတာကြောင့် လေကြောင်းကနေတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်အတွင်း နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၆၅၀ ကျော်အထိရှိခဲ့ပြီး အရပ်သား ၂၈၀ ကျော် သေဆုံးခဲ့ရသလို အရပ်သား ၃၇၀ ကျော်ဟာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.