မော်လမြိုင်၊ မေ(၁၀)
မွန်ပြည်နယ်ကနေထွက်ရှိနေတဲ့ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ဒူးရင်း၊ ကြက်မောက်နဲ့ မင်းဂွတ်သီးတွေဟာ ဒီနှစ်မှာအထွက်နှုန်း သိသိသာသာ ကျဆင်းလာတာကြောင့် ဈေးကွင်းအတွင်း သစ်သီးဈေးနှုန်း နှစ်ဆကျော် မြင့်တက်လာတယ်လို့ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသတွင်းထွက်ရှိနေတဲ့ ရာသီပေါ်နှစ်ရှည်သီးနှံတွေဟာ အရင်နှစ်ကလို ပုံမှန်ထွက်ရှိမှုမရှိတော့ဘဲ သိသိသာသာ ကျဆင်းလာတာ၊ သတ်မှတ်ကာလအတွင်း မထွက်ရှိတာကြောင့် သီးနှံတွေရှားပါးပြီး ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။
ရာသီပေါ်နှစ်ရှည်သီးနှံတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ သွင်းအားစုဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ သွင်းအားစုမထည့်နိုင်တာ၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့အတွက် ရေသွင်းမစိုက်ပျိုးနိုင်တာကြောင့် ထွက်ရှိမှုနှုန်းသိသိသာသာ ကျဆင်းလာတာပါ။
သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ ရာသီပေါ်နှစ်ရှည်သီးနှံတွေ ထွက်ရှိမှုနှုန်းနည်းပါးလာတာကြောင့် ဈေးနှုန်းနှစ်ဆကျော် မြင့်တက်လာသလို တချို့သစ်သီးတွေဆိုရင် ရာသီမကုန်မီဘဲ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ ပြောပါတယ်။
“ဒူးရင်းသီးရဲ့အထွက်နှုန်းက မော်လမြိုင်အနေနဲ့က နည်းတယ်။ ဒီအချိန်မှာ အသီးကကုန်သွားပြီ။ အခုကဈေးတော့ အရမ်းမြင့်သွားတယ်။ ဒူးရင်းသီးဈေးကတော့ အခါတိုင်းထက်ကိုမြင့်တယ်။ ကျွန် တော်တို့ချုပ်တဲ့ ဈေးကအခါတိုင်းနှစ်တွေဆိုရင် (၃၅၀၀)လောက်ချုပ်ရတယ်ဆိုရင် အခုနှစ်ဆိုရင် (၅၀၀၀)လောက် ချုပ်ရတယ်။ တခြားသီးနှံအနေနဲ့က မင်းဂွတ်သီးဆိုရင် လုံးဝမထွက်ဘူး။ မင်းဂွတ်သီးအထွက် အရမ်းနည်းသွားတယ်။ မင်းဂွတ်သီးဈေးက အခါတိုင်းနှစ်ထက်ကို (၂)ဆလောက် ဈေးတက်တယ်။ အခါတိုင်းနှစ် (၃၀၀)ဆို အခုနှစ်က (၇၀၀)လောက် ရှိတယ်။ ဝယ်ဈေးကို လက်လီဈေးအနေနဲ့ဆိုရင် (၈၀၀) (၉၀၀) ရှိတယ်။ ကြက်မောက်သီးအခြေအနေက ဒေသကအသီးတွေထွက်တယ်။ ဈေးများတယ်။ ကြက်မောက်သီးတစ်လုံးကိုဆိုရင် (၁၀၀)လောက်ရှိတယ်။ အဓိကကတော့ ဒီနှစ်ကရာသီဥတုအခြေအနေက အဲဒီလောက်ကြီးမဆိုးဘူး။ အသီးအထွက်နှုန်းကိုကနည်းတာ။ ဈေးတက်တဲ့အကြောင်းရင်းကတော့ အရင်အမြစ်တွေပေါ့။ ဆီတွေဘာတွေ ဈေးကြီးတာတွေ၊ ကျွန်တော်တို့ ဓာတ် မြေဩဇာတွေ၊ လုပ်သားခတွေ ဈေးမြင့်တာတွေကြောင့်တော့ မြင့်တာတွေဖြစ်မယ်”လို့ ဆိုပါတယ်။
သီးနှံဈေးကွက်ထဲမှာတော့ သီးနှံထွက်ရှိမှုနည်းတဲ့အတွက် ရောင်းလိုအားနည်းနေသလို ရာသီပေါ်သီးနှံဖြစ်တာကြောင့် ဒေသတွင်းစားသုံးမှုမြင့်တက်နေတဲ့အတွက် ဝယ်လိုအားများပြီး သီးနှံမရှိသ လောက် နည်းပါးလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် မော်လမြိုင်ဒေသထွက် ဒူးရင်းသီးတွေ ပြတ်လပ်သွားတာကြောင့် ရေးနဲ့ဘုရားသုံးဆူမြို့တွေက ဒူးရင်းသီးတွေ မှာယူရောင်းချနေရသလို ထိုင်းနိုင်ငံက ဒူးရင်းသီးတွေကလည်း မှာယူရခက်ခဲတဲ့အတွက် ဈေးကွက်အတွင်း လိုအပ်ချက်တွေ ဖြစ်ပေါ်နေတယ်လို့ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
ခြံရှင်တစ်ဦးကလည်း ရာသီပေါ်သီးနှံတွေ ဈေးတက်ပေမယ့် တခြားကုန်ပစ္စည်းတွေလည်း ဈေးတက်တာကြောင့် ထင်သလောက်အကျိုးအမြတ်မရသလို အပူချိန်မြင့်တက်တာနဲ့ သုံးနေကြဓာတ်မြေဩ ဇာ ဝယ်ယူလို့မရတာကြောင့် သီးနှံတွေမကြီးတော့တဲ့အတွက် အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခါတိုင်းနှစ်ကတော့ ဈေးကတစ်ဝက်ဈေးပေါ့။ ဒီနှစ်ကတော့ ဈေးတက်ပေမယ့် အစစအရာရာ အကုန်လုံးက ဈေးတွေကပြောင်းလဲကုန်ပြီးလေ။ ဒီဝဲဆိုလို့ရှိရင်လည်း ဝဲထဲမှာဘဲ ဈေးကအခါတိုင်း ဝယ်ရတဲ့ဈေးထက်ကို (၂)ဆလောက် ပေးပြီးဝယ်ရတာ။ နောက်ပြီးတော့ လုပ်သားဆိုရင်လည်း ခေါ်ချင်တိုင်းလည်း ခေါ်လို့မရ။ လုပ်သားမှာလည်း အခက်အခဲဖြစ်တယ်။ ဈေးကလည်းပိုပေးရပြီး ကျွမ်း ကျင်မှုအပိုင်းမှာလည်း အများကြီးလို အပ်တာပေါ့။ နောက်ပြီးရာသီဥတုက ဒီနှစ်နေကတအားပူတော့ သစ်သီးသစ်နှံတွေက သိပ်မကြီးဘူးပေါ့။ အခါတိုင်းပြီးခဲ့တဲ့ နှစ်တုန်းကကျတော့ ဒီတစ်နွေလုံး မိုးကအမြဲတမ်းလိုလို တစ်လတစ်ခါလောက် ရွာပေးနေတော့ အသီးတွေအဆင်ပြေတယ်။ ရာသီဥတုတအားပူတော့ ဒီနှစ်ကအသီးတွေသေးတာပေါ့၊ အခက်အခဲတော့ အများကြီးပေါ့။ အခါတိုင်းနှစ်မှာ ယိုး ဒယားကလာတဲ့ ဆေးတွေဘာတွေ ကျွန်တော်တို့အမြဲဖျန်းတယ်။ အခုကကျတော့ လမ်းပန်းဆက် သွယ်ရေးအချိန်တွေနဲ့ ဒီဆေးဝါးတွေလည်း မရောက်တော့ တခြားဆေးတွေ ဘာတွေနဲ့ကတော့ အ ဆင်မပြေတော့ဘူးလေ။ အခါတိုင်းကိုယ်သုံးနေကြ ဆေးတွေလည်းမရတော့ အဲဒီမှာတွေလည်း ကွာ ခြားရင်လည်း ကွာခြားသွားမှာပေါ့။ ကျွန်တော်တို့တောင်မှ အဆင်မပြေဘူး၊ ဒီပိုးကျတာနဲ့ ဟိုလုပ်ဒီလုပ်နဲ့ တစ်ခါတည်း ကုန်ကျစရိတ်နဲ့ ပြန်တွက်ကြည့်လို့ရှိရင် ကိုယ်တကယ်ကို အားကျိုးမာန်တက်နဲ့ လုပ်ထားမှသာ တကယ်ဖြစ်မြောက် အောင်မြင်မှသာ ကိုယ့်အတွက် အကျိုးအမြတ်ရတာ။ တော်ယုံလောက်ဆိုရင် အဆင်မပြေတော့ဘူး”လို့ ဆိုပါတယ်။
တဖက်မှာတော့ ခြံစိုက်တောင်သူတစ်ချို့ဟာလည်း အရင်နှစ်တွေက ကုန်ကျစရိတ်တွေကြီးမြင့်ပြီး အ ရှုံးပေါ်ခဲ့တာကြောင့်လည်း ဒီနှစ်မှာစိုက်ပျိုးမှုတွေကို ထက်ဝက်နီးပါးလျော့ချခဲ့သလို စိုက်ပျိုးခြံတွေကို မပြုစုနိုင်တာကြောင့်လည်း သီးနှံထွက်ရှိမှုတွေ ကျဆင်းလာတာဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ သစ်သီးဝလံစိုက်ပျိုးမှုအနေနဲ့ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ဒူးရင်း၊ ကျွဲကော၊ ကြက် မောက်နဲ့ မင်းဂွတ်သီးတွေကို အဓိကစိုက်ပျိုးမှုများပြီး ကြားသီးနှံအနေနဲ့ ရာသီထွက်ဟင်းသီးဟင်း ရွက်တွေကို စိုက်ပျိုးမှုတွေရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ