ဘုတ်ပြင်း၊ မေ(၁၀)
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဘန်ဂလားကျေးရွာအနီးရှိ လေညာ-ဘန်ဂလားတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဘုတ်ပြင်းမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၂၀ ကျော် တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေ ၈ ရက်နေ့ ည ၈ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ဘုတ်ပြင်းမြို့ နယ် flying star Force အပါအဝင် ပကဖပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတစ်နာရီနီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင် စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အား ၂၀ ကျော် ထပ်မံဖြည့်တင်းပြီး လုံခြုံရေးအထူး တင်းကျပ်ထားသလို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ကောင်စီရဲ့ စစ်ဖက်လုံခြုံ ရေးဆိုင်ရာ (စရဖ)ရုံးကို ဒေသ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးယူနေတဲ့ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့ပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ