ဖာပွန်၊ မေ(၆)
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF စခန်းတစ်ခုကို KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရခဲ့တယ်လို့ တပ်မဟာ(၅)က မေ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ရှေ့တန်းစစ်မြေပြင်ရှိ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်း စားနပ်ရိက္ခာတွေ ပို့ဆောင်ဖို့အတွက် လမ်းလုံခြုံရေးတာဝန်ယူစောင့်ကြပ်ပေးထားတဲ့ BGF တပ် နယ် ၃ နီကန်စခန်းကို KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲစခန်းသိမ်းတိုက်ခိုက်မှုမှာ BGF ဘက်က တပ်ခွဲမှူး(၁)ဦး၊ ဒုတပ်ခွဲမှူး(၁)ဦးနဲ့ တပ်ကြပ်ကြီး(၁)ဦးအပါအဝင် (၆)ဦး သေဆုံးကျန်ရစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ BGF ဆီကနေ လက်နက်ငယ် လက်နက်ကြီး ၈ လက်၊ ကျည်ဘောက်၊ ကျည်ဆံတွေအပြင် ဆက်သွယ်ရေးစကားပြောစက် ၂ လုံး သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း KNLA တပ်မဟာ(၅)ဘက်ကတော့ စစ်သည်တော်(၂)ဦး ကျဆုံးခဲ့ပြီး (၅)ဦး ထိ ခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ခရိုင်တပ်မဟာ မှတ်တမ်းရုံးအရ သိရှိရကြောင်း တပ်မဟာ(၅)က အတည်ပြုထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း တပ်မဟာ(၅)နယ်မြေနဲ့ တပ်မဟာ(၁)နယ်မြေအစပ်ကြား ဖာပွန်ခရိုင် ကမမောင်းမြို့အနီးရှိ စစ်ကောင်စီရဲ့ မယ်စိထာစစ်ဆေးရေးဂိတ်စခန်းကို KNLA တပ်မဟာ(၅) တပ်မဟာ(၁)ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းတခုလုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ကာ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရခဲ့သေးတာ ဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU