တောင်ငူ၊ မေ(၄)

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်အတွင်းမှာ မေ ၂ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးအရှေ့ဘက်ကမ်းရှိ KNU တပ်မဟာ(၂)နယ်မြေထဲမှာရှိတဲ့ ဘုမ္မတီးကျေးရွာ၊ ကျွဲလမ်းကျေးရွာ၊ သရက်တန်းကျေးရွာနဲ့ ကြို့ပင်သာကျေးရွာတို့ကို စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်ဌာနချုပ်ကနေတစ်ဆင့် တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်တိုက် ခိုက်သွားခဲ့ရာ အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ စစ်ကောင်စီတပ်က လေယာဉ် ၂ စီးနဲ့ ဗုံး ကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာအုပ်စု၊ ကျွဲလမ်းကျေးရွာမှာနေ ထိုင်တဲ့ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သပြေညွန့်စခန်းကနေ စစ်ကောင် စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘုမ္မတီးကျေးရွာအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ဧပြီလအတွင်းက ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို မကြာခဏပစ်ခတ်လေ့ရှိပြီး မနေ့ကဘုမ္မတီးကျေးရွာအ တွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ လာရောက်နေထိုင်တယ်ဆိုပြီး စစ်ကောင်စီထံ သတင်းပေးသူတွေရှိနေတဲ့အတွက် အခုလိုရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ရသလို ဘုမ္မတီးကျေးရွာအပါအဝင် သရက်တန်းရွာ၊ ကျွဲရွာအစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တပ်မဟာ(၂)နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.