လားရှိုး – မေ(၄)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ လူ(၉) ဦးကို သတ်ဖြတ်မှုအပါအဝင် ရာဇဝတ်မှုပေါင်း များစွာ ကျူးလွန်ခဲ့တဲ့ တရုတ်လူမျိုး(၄) ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့က သေဒဏ်ချမှတ်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

သူတို့တွေဟာ လုယက်မှု၊ပြန်ပေးဆွဲမှု၊လူသတ်မှု စတဲ့ အမှုပေါင်း (၂၅) မှုကို ကျူးလွန်ခဲ့ကြပြီး အသတ်ခံခဲ့ရသူတွေဟာ ကျား(၇) ဦး၊မ(၂)ဦး ဖြစ်ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား (၁)ဦးနဲ့ မြန်မာ နိုင်ငံသား (၈) ဦးဖြစ်တယ်ဆိုထားတာပါ။

MNDAA ရဲ့ ပြစ်ဒဏ်ချခံခဲ့ရသူတွေထဲမှာ ရှိဝေ့ယုံ(၂၃)နှစ်၊ကော်ရှောက်ဝေ၊(၂၉)နှစ်၊ ကော်ရှောက်ခွမ် (၂၁) နှစ်၊ရှိဝေ့ချန်(၁၈) နှစ်တို့ဖြစ်ကြပြီး သူတို့ဟာ လားရှိုးမြို့မှာ နေထိုင်သူတွေဖြစ်သလို ရှိဝေ့ယုံနဲ့ ကော်ရှောက်ခွမ် တို့(၂) ဦးက စစ်ကောင်စီလက်အောက်ခံ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်ချိန်မှာ သူတို့ရရှိထားတဲ့ ငွေနဲ့ ပစ္စည်းတန်ဖိုးတွေမှာ တရုတ်ငွေ (၄.၇၇) သန်းနဲ့ မြန်မာ ငွေ (၇၄၅၁) သန်းရှိပြီး မော်တော်ယာဉ် CROWN (၅) စီး၊VO – (၁) စီး၊ Lexus (၁) စီး၊ TOYOTA (၁)စီး၊ လက်စွပ်(၂) ကွင်းတို့ဖြစ်ကာ သူတို့ သုံးစွဲပြီးနောက် ကျန်ရှိတဲ့ငွေတွေကို ဆက်လက်ရှာဖွေ နေဆဲဖြစ်တယ်လို့ MNDAA က ဆိုထားပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်ချိန်မှာ ပါဝင်ခဲ့ပြီးနောက် ထွက်ပြေးနေသူတွေကို အမှုကွပ်ကဲမှု စခန်းက ရှာဖွေဖမ်းဆီးနေသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း ဆိုးရွာတဲ့ လူမှုရေး အဖြစ် အပျက်တွေ မကြာခဏ ဖြစ်ပွားပြီး အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုမူဆယ် စတဲ့ ဒေသ တွေမှာ အုပ်စုဖွဲ့ရာဇဝတ်မှုတွေ စနစ်တကျကျူးလွန်နေတာဟာ ပြည်သူတွေကို ဆိုးရွားစွာ ခြိမ်း ခြောက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မေလ (၁) ရက်နေ့က ရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးအဖွဲ့ရဲ့ ယာယီတရားရုံးက စီရင်ချက်ချခြင်းဆိုင်ရာ အစည်းအဝေးကို မူပန်းခရိုင်တနေရာမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.