မော်လမြိုင်၊ မေ(၄)

မွန်ပြည်နယ်မှာ စစ်ကောင်စီက ကဆုန်လပြည့်နေ့မှာကျရောက်တဲ့ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လွတ် ငြိမ်းပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၂၆ ဦးသာ ပါဝင်တယ်လို့ စစ်ကောင်စီလက် အောက်ခံအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီက လွတ်ငြိမ်းနဲ့ ပြန်လည်လွှတ်ပေးလိုက်သူတွေထဲမှာ ကျိုက်မရောဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၂ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄ ပါဝင်ပြီး အများစုဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ လွတ်ငြိမ်းပေးလိုက်သူတွေဟာ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လွတ်ငြိမ်းနဲ့ ပြန်လည်လွှတ်ပေးလိုက်သူတွေဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကတော့ စစ်ကောင်စီက အခုလိုနိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ ဖိအားတွေကြောင့်ဖြစ်နိုင်ပြီး ပုဒ်မ ၅၀၅ တစ်ခုကိုသာ နိုင်ငံရေးပုဒ်မလို့ သတ် မှတ်တာကြောင့် တခြားနိုင်ငံရေး အကျဉ်းသားတွေအတွက် နစ်နာမှုရှိတယ်လို့ ပြောပါတယ်။

“နိုင်ငံရေးသမားတွေ ဘန်ကီးမွန်းတို့လာတယ်။ တခြားဖိအားတွေရှိတဲ့ အခါကျတော့သူက နိုင်ကျဉ်းတွေကို ဂျိုကာဖဲလို ထားထားတာလေ။ သူလုပ်စရာရှိတာလုပ်ဖို့အတွက် ဒါမမျှတတဲ့ကိစ္စကြီးဟာ။ နောက်တစ်ခုက သူက ၅၀၅ တစ်ခုကိုပဲ နိုင်ငံရေးပုဒ်မလို့ သတ်မှတ်ပြီးတော့ ကျန်တာကျတော့ အ ကြမ်းဖက်ပုဒ်မဆိုပြီးတော့ ခေါင်းစဉ်ခွဲထားတဲ့အခါကျတော့ သူက ဒီ ၅၀၅ ကိုပဲ ဦးတည်ပြီးတော့ အလုပ်လုပ်ပြနေတာပေါ့။ ကျွန်တော်တို့အနေနဲ့က ဘယ်လိုပြောမလဲ ဒါကမစို့မပို့နှပ်ချပြီးလွှတ်သလို ဘယ်လိုမှရင်မခုန်နိုင်ဘူးလေ။ အများကြီး နစ်နာနေတဲ့သူတွေရှိတယ်။ တကယ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး တကယ့်ကို ထဲထဲဝင်ဝင်လှုပ်ရှားပြီးတော့ ကျတဲ့သူတွေရှိသလို တချို့ကလည်း သူများချောက်တွန်းတာခံရပြီး နိုင်ငံရေးပုဒ်မအတပ်ခံရတယ်။ နှစ်အကြီးကြီးတွေ ကျနေတယ်။ ဒီလိုလူတွေဆိုရင်လည်း တအားနစ်နာတာပေါ့။ နည်းနည်းပါးပါးလုပ်တဲ့သူကို ပံ့ပိုးမိတာလေးလောက် ဟိုဟာလေးလောက်၊ ဒီဟာလေးလောက်နဲ့ နှစ်အကြီးကြီးတွေ ကျတဲ့သူတွေရှိတယ် ထောင်ထဲမှာ။ အဲဒီလို လူတွေအတွက်ကျတော့ ဒီလိုကိစ္စတွေဟာ တအားနစ်နာတာပေါ့။ သူက ၅၀၅တစ်ခုထဲ ခေါင်းစဉ်တပ်ပြီးတော့ (၂)နှစ်အောက်ကိုလွှတ်တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံတကာကိုချပြဖို့အတွက် ပုဒ်မ ၅၀၅-က တွေကို လွှတ်ပေးလိုက်ပေမယ့် တကယ့်နိုင်ငံရေးလုပ်တာကြောင့် ပုဒ်မ ၅၀၅ အပြင် တခြားပုဒ်မအမျိုးမျိုးတက်ပြီး ဖမ်းဆီးထားသူတွေ မပါဝင်တဲ့အတွက် ဟန်ပြသာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဝေဖန်ပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအနေနဲ့ ပုဒ်မ ၅၀၅-ကနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို ပြန်လည်လွှတ်ပေးတာတွေ ရှိနေပေမယ့် တဖက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တာ၊ သေဒဏ်ပေးတာအပြင် ထောင်အတွင်းအကြမ်းဖက် ဖိနှိပ်တာတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာ သိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၂၀၀၀၀ ကျော်ရှိတဲ့အနက် ၁၈၀၀၀ နီးပါး ဆက်လက်ထိန်းသိမ်းခံထားရသလို အဲဒီက ၆၀၀၀ နီးပါးဟာ ထောင်ဒဏ်ပြစ်ဒဏ် အသီးသီးချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်း ထောင်မှာထားရှိပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအဝင် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.