တနင်္သာရီ၊ မေ(၄)
မိုးတွင်းကာလကျရောက်တော့မှာ ဖြစ်တာကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အတွက် အမိုးအကာအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေါန-တနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင် စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတာပါ။
စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်း မိုးထားတဲ့ယာယီတဲတွေရဲ့ အမိုးအကာတွေ ဟောင်း နွမ်းပျက်စီးလာတာကြောင့် မကြာမီကျရောက်တော့မယ့် မိုးတွင်းကာလအတွက် နေရာထိုင်ခင်း အ ခက်အခဲ ဖြစ်နေကြပါတယ်။
ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့တာဝန်ရှိသူကတော့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေကြတဲ့ စစ်ရှောင်တွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် ပြည်သူတွေအ နေနဲ့ တတ်နိုင်ဘက်က ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းတာပါ။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
တနင်္သာရီစစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်တာကြောင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်တာထက် မိမိအစီစဉ်နဲ့တောတောင်ဥယျာဉ်ခြံတွေထဲမှာနေထိုင်တဲ့ စစ်ရှောင်ဦးရေပိုများတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီးမှာတော့ ထားဝယ်၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီမြို့နယ်တွေထဲမှာ စစ်ရှောင်ပြည်သူ ၃၀,၀၀၀ ကျော် ကျန်ရှိနေသေးပြီး ပုလောမြို့နယ်ထဲမှာ စစ်ဘေးရှောင်အများဆုံးရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -Social Media